Tuesday, June 19, 2018

ဒဏ္ဍာရီထဲက ဖူရှင်း(၁၇)

ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၁၇)
----------
             ကြည့်ရသည်မှာ မိန်းကလေးချင်က သူ၏ဆိုလိုရင်းအား နားလည်မှု လွဲသွားပုံရသည်၊ ရီဖူချင်း ခံစားသွားရ၏၊ သူ၏အကြံအစည်ကား အရာမရောက်တော့။
                 “မင်းတို့တွေ ဘာတွေများပြောနေကြတာလဲ……”  ထိုစဉ်သူတို့အား ကြားဖြတ်၍ တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်၊ သူတို့နှစ်ဦးက လှည့်ကြည့်လိုက်ပြီးနောက် ရီဖူရှင်းက အသစ်ရောက်လာသူအား လေးစားစွာ နှုတ်ဆက်လိုက်သည်……
 “ဗိုလ်ချုပ်ချင်…….”
 “အဖေ…….” ချင်ယီက ချစ်စဖွယ်ပုံဟန်ဖြင့် သူမ၏အဖေနားသို့ကပ်ကာ ထိုလူကြီး၏လက်အားဆွဲလျက်ခေါ်လိုက်သည်၊ အပျိုကြီးဖားဖားဖြစ်နေသော်လည်း သူမ၏အဖေရှေ့တွင် ကလေးလေးတစ်ယောက်လို ချွဲ့နွဲ့နေသော သူမအားကြည့်ကာ ရီဖူရှင်းမှာ ထူးဆန်းအံ့သြရ၏။
 “သမီး….ရီဖူရှင်းကို အနိုင်စားနေတာလား…..” ချင်ရွှီက သူ့သမီး၏ခေါင်းအား ပုတ်လျက် ပြောလိုက်သည်၊ ထို့နောက်သူက ရီဖူရှင်းအားကြည့်ကာ ခေါင်းညှိတ်လျက်…..
  “မင်း…ဒီနေ့ ကောင်းကောင်းလုပ်ခဲ့တယ်…..”
 “ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်” ရီဖူရှင်းက တလေးတစား ပြန်ပြောလိုက်၏။
 “မင်းက ယူချင်း….ဟုတ်တယ်မလား…….” ချင်ရွှီက ရီဖူရှင်းထံမှ အကြည့်လွှဲကာ ယူချင်းအားမေလိုက်သည်၊ ယူချင်းကလည်း ခေါင်းညှိတ်လိုက်၏။
 “မင်းက ပါရမီပါတဲ့ မှော်ပညာရှင်တစ်ယောက်ပဲ…..ဒါပေမယ့် မင်းရဲ့အတွင်းဗီဇအရ မင်းက သဘာဝအလျောက်မွေးဖွားလာတဲ့ တိုက်ခိုက်ရေးသမားပဲ……သိုင်းပညာကို မေ့ထားပြီးတော့ မှော်ပညာတစ်ခုတည်းကိုပဲ အာရုံမစိုက်နဲ့…..” ချင်ရွှီက အရေးကြီးဟန်ဖြင့် အကြံပေးသည်၊ သူကား သည်ကောင်လေးအား အမှန်တစ်ကယ် သဘောကျသည်၊ အဘယ်ကြောင့်ဆိုသော် ယူချင်ကား သူတွေ့ဖူးသမျှ လူငယ်များထဲတွင် ပါရမီ အပါဆုံးသော တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်သည်၊ နောက်နှစ်အနည်းငယ်အတွင်းတွင် သည်ကောင်လေးသည် သူကဲ့သို့ စွမ်းအားမြင့် သိုင်းပညာရှင်ဖြစ်လာနိုင်၏။
 ယူချင်းက ထပ်မံ၍ ခေါင်းညှိတ်လိုက်သည်၊ သူကား သည်အချက်ကို ပုံမှန်အားဖြင့် သဘောပေါက်သည်။
 “မင်းက မဟူရာမြင်းစစ်တပ်ကို ဝင်မယ်ဆိုရင် ငါက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပဲ…..မင်းအတွက် အမြဲ တံခါးဖွင့်ထားတယ်……” ချင်ရွှီက ယူချင်းအား ပြောလိုက်သည်။
 ယူချင်းနှင့် ဖူရှင်း နှစ်ယောက်လုံး အံ့အားသင့်သွားသည်၊ ယူချင်းကား အသက် ဆယ့်ငါးနှစ်သာရှိသေးသော်လည်း ဗိုလ်ချုပ်ချင်က သူ၏စစ်တပ်သို့ဝင်ရန် သူကိုယ်တိုင် ဖိတ်ခေါ်နေသည် မဟုတ်ပါလား။
 “သေချာတာပေါ့…”ယူချင်းက ပြန်ဖြေလိုက်သည်။
 “သမီး….အိမ်ပြန်ကြစို့….” ချင်ရွှီက သူ၏သမီး ချင်ယီနှင့် ပြန်သွားကြ၏၊ပြန်ခါနီးတွင်ပင်လျင် သူမက ရီဖူရှင်းအား မခိုးမခန့် ပြုံးပြသွားသေးသည်။
 “ဒီလို စိတ်ပြောင်းလို့ ဘယ်ရမလဲ….” ရီဖူရှင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်၊ သူက ဘာမဆိုလုပ်ခွင့်ရမည်ဟု သူမကိုယ်တိုင်ကတိ ပေးခဲ့သည်၊ ယခုကား ဘာမှ ဖြစ်မလာခဲ့။
 ရီဖူရှင်းက ပွဲကြည့်စင်ဆီသို့လျောက်လာသည်၊ သူ၏အဖေကား နောက်တစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့ရ၏……..
 “သူက ဂုဏ်ထူးအဆင့်မှာ မပါတာ တစ်ကယ်ရှက်စရာပဲ……”
 “သူ့မှာလုံလောက်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ ငါသိတယ်…..” ထိုလူက ပြန်ဖြေလိုက်၏၊ ရီဘေချွန်က ထိုစကားအားပြောခဲ့သည်မှာ အခါတစ်ရာခန့်ရှိပြီဖြစ်သည်။
 “သူ့အသက်အရွယ်မှာ ဆို ငါက ဒီထက် ပိုထူးချွန်သေးတယ်…..” ရီဘေချွန်က ပြောလိုက်၏။
 ရီဖူရှင်း ပို၍ စိတ်ညစ်သွားသည်၊သူက သူ့အဖေအား မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်……
 “အဖေ…..သားကို ဘာလို့ မတရားပြောနေတာလဲ….ဒီအချိန်မှာ သားကို အပြစ်တင်မယ့်အစား နှိပ်သိမ့်ရမှာလေ…..”
 ရီဘေချွန်က နားမလည်ဟန်ဖြင့်…..
 “ဒီလောက်က မင်းအတွက် ဘာဖြစ်သွားလို့လဲ…..”
 ရီဖူရှင်း မည်သို့ပြောရမည် မသိတော့…..
 “အိမ်ပြန်ရင်ပြန်တော့ အဖေ….ကျွန်တော် လိုက်မပို့တော့ဘူး…..”
 သူ့အခန်းသို့ပြန်ရာလမ်းတစ်လျောက်တွင် သူ၏အဖေ၏ အရှက်ကင်းမဲ့ပုံအားတွေးလျက် သူမည်မျှကံဆိုးသည်ကိုတွေးကာ ရီဖူရှင်း အကြိမ်ကြိမ်သက်ပြင်းချနေသည်ကို တွေ့ရလေသည်။
 ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲကား ဇတ်လမ်းငယ်တစ်ပုဒ်လို ပြီးဆုံးခြင်းသို့ ရောက်ခဲ့ပြီ၊ လူများ တစ်ဖြည်းဖြည်းကျဲသွားကာ နောက်ဆုံး ထိုကွင်းပြင်ကြီးကား တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။
 သို့သော်လည်း လူတိုင်း၏စိတ်က ပြိုင်ပွဲမှ အဖြစ်အပျက်များအား တွေးမိနေကြဆဲဖစ်သည်၊ ယခုနှစ်စာမေးပွဲတွင် ရီဖူရှင်း၏စွမ်းဆောင်ရည်ကား သိသာထင်ရှားလှသည်၊ သူက အသုံးမကျသည့် အရှုံးသမား အဆင့်မှ ပါရမီမြင့် မှော်ပညာရှင်နှင့် သိုင်းပညာရှင် အဖြစ်သို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသည်၊ ပို၍ပြောရလျင် သိုင်းနှင့် မှော်နှစ်မျိုးလုံးတွင်လည်း အာရုံခံနိုင်စွမ်းက အမြင့်ဆုံးဖြစ်ပြီး ပို၍ မနာလိုစရာကောင်းသည်က သူနှင့် ဟွာဂျီယူ တို့၏ နားလည်ရခက်သော ပတ်သက်မှုဖြစ်သည်၊ယူချင်း၏အဆင့်နှင့်ပတ်သက်၍ကျောင်းတော်မှဆရာများနှင့် အနည်းငယ် အချင်းများရသည်ကလွဲလျင် ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲတစ်ခုလုံးကား သူ့အား ကျော်ကြားစေသည်ဟု ပြောရမည်ဖြစ်သည်။
 ရီဖူရှင်းအပြင် ယူချင်းမှာလည်း လူအများအား ဖမ်းစားစေနိုင်ခဲ့သည်၊ အနာဂါတ်တွင် သူမည်သို့ဖြစ်လာမည်ကို မည်သူမှမပြောနိုင်သော်လည်း လက်ရှိသူပြသသွားသော ပါရမီက ကြောက်မက်ဖွယ်ကောင်းလှသည်၊ ပထမရသော မူရွန်ချူ ကား သူနှင့်ယှဉ်လျင် သာမာန်အဆင့်သာလျင်ရှိသည်။
 ______
 ဆောင်းဦးရာသီ၏ ညချမ်းက ချမ်းစိမ့်သော လေအေးများအား သယ်ဆောင်လာနေသည်၊ ဤသည်ကပင်လျင် ဆောင်းရာသီ၏ အငွေ့အသက်များအား ခံစားမိစေ၏။
 ဤရက်ပိုင်းအတွင်းတွင် ချင်းကျူ ကျောင်းတော်ကား သတင်း အသစ်များဖြင့် သက်ဝင်လှုပ်ရှားနေ၏၊ မူရွန်ချူ နှင့် ဟွာဂျီယူ တို့က ကျောင်းတော်၏ တရားဝင်ကျောင်းသားများ ဖြစ်လာကာ ကျောင်းတော်မှ ထိပ်သီးပညာရှင်များ၏ အာရုံစိုက်မှုကို ရလာသည်၊ ယူချင်းလည်း ထို့အတူဖြစ်သည်၊ ကောလဟလများအရ သိုင်းပညာရှင်ကျောင်းမှ ဆရာများနှင့် သတ္တုဓာတ် မှော်ကျောင်းအုပ်တို့က ယူချင်းအတွက် ပြိုင်ဆိုင်မှုများ ပြင်းထန်နေကြောင်း ပြောနေကြသည်။
 ပြင်ပကျောင်းသားအများအပြားမှာ ထိုသို့သော အရေးပေးမှုများအား မနာလိုဖြစ်ကြရ၏၊ မျှော်လင့်ထားသည့်အတိုင်း ရာသီကုန်စာမေးပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်သူများမှာ ကျောင်းတော်အတွင်း မျက်နှာပွင့်လှသည်။
 တစ်ခြားအကြောင်းအရာများထက် စာမေးပွဲအတွင်း အဆင့်ချိတ်နိုင်သူများမှာ ကျောင်းတော်၏ စာကြည့်တိုက် ဒုတိယထပ်သို့ ဝင်ရောက်ကာ လေ့လာနေကြရပြီဖြစ်သည်၊ သူတို့ကား မရေမတွက်နိုင်သော စွမ်းအားမြင့် မှော်စာအုပ်များ၊ သိုင်းကျမ်းများအား လေ့လာခွင့်ရကြ၏။
 ရီဖူရှင်းအတွက်မူ သူကား ကျောင်းတော်မှ ဆရာများအား မလေးစားသော အပြုအမူများကြောင့် ဂုဏ်ထူးစာရင်းမှ ပယ်ဖျက်ခံရကာ စိတ်ပျက်လက်ပျက် အခြေအနေတွင် ရှိနေပုံရသည်၊ ကောလဟလများအရ ကျောင်းတော်မှ ဆရာများက ရီဖူရှင်း၏အပြုအမူများအတွက် မပျော်မရွှင်ဖြစ်နေကြကာ ရီဖူရှင်းအား အပြစ်ပေးရန် စီစဉ်နေကြသည်ဟု ဆိုကြသည်။
 ယူချင်းမှာလည်း စာမေးပွဲအတွင်း နှောက်ယှက်ခဲ့သော်လည်း ကျောင်းမှ ထပ်သီးပညာရှင်များ၏အာရုံစိုက်မှုကို ရနေသော သူ့အား မည်သူက အပြစ်ပေးဝံ့မည်နည်း၊ ထို့အပြင် ယူချင်းလုပ်သမျှ အမှားများအားလုံး ရီဖူရှင်း၏ခေါင်းပေါ်သို့ ပုံကျသည်ဟု ပြောရမည်၊ လူတိုင်းက ရီဖူရှင်းကိုသာလျင် အပြစ်မြင်ကြ၏၊ သူကား အမှန်တစ်ကယ်ပင် ကံဆိုးလှသည်။
 သို့သော်လည်း ရီဖူရှင်းနှင့် ယူချင်း တို့ကား ထိုကိစ္စများအား အာရုံစိုက်ဟန်မရှိဘဲ မိမိတို့ အခန်းတွင်သာလျင် အေးဆေးစွာ သိုင်းလေ့ကျင့်နေကြ၏။
 ယနေ့တွင် လည်း စာသင်ခန်းထဲတွင် စီနီယာ အစ်မချင်က သင်ခန်းစာတစ်ချို့ သင်နေသည်၊ ရီဖူရှင်းကား ကျောင်းသားကောင်းတစ်ဦးလုပ်ရန် အကြံဖြင့် ယနေ့ စာသင်ခန်းသို့ တစ်ဖန်ရောက်လာသည်။
 သို့သော်လည်း သူက စာသင်ခန်းသို့ ခြေချလိုက်သည်နှင့် အခန်းထဲမှ လူများက သူ့အားထူးဆန်းသည့်အကြည့်များဖြင့်ကြည့်နေကြသည်ကို သတိထားမိလိုက်သည်၊ရီဖူချင်းကား အမှန်တစ်ကယ် အချိန်ကိုက်ရောက်လာ၏၊ သူ့အား အပြစ်ပေးသည့် ကြေညာချက်အား ခုနကမှ ကြေညာပြီးသွားသည်။
 ချင်ယီကလည်း ရီဖူရှင်းရောက်လာသည်ကို မြင်၏၊ သူမက သူ့အားစိုက်ကြည့်ကာ ရီဖူရှင်းမှာ မတရားသဖြင့် ခံရသည်ဟု တွေးလျက် စိတ်မကောင်းဖြစ်မိသည်။
 “ငါက ငါကြည့်ကောင်းတယ်ဆိုတာ သိပါတယ်….ဒါပေမယ့် မင်းတို့တွေ ဒီလို စိုက်ကြည့်နေဖို့မလိုဘူးလေ….” ရီဖူရှင်းကပြောလိုက်သည်။
 သူ၏အတန်းဖော်များအားလုံး၏မျက်လုံးများ ဝိုင်းသွားသည်၊ တစ်စုံတစ်ယောက်က အရှက်မရှိသော သူဖြစ်လျင် ထိုသူမှာ နောင်လည်း အရှက်မရှိသော သူသာလျင်ဖြစ်သည်ဟု သူတို့တွေးလိုက်ကြသည်။
 ချင်ယီက ရီဖူရှင်းထံသို့ လှမ်းသွားလိုက်၏၊ သူမပုံစံကြည့်ရသည်မှာ ဝမ်းနည်းနေပုံရသည်…….
 “ရီဖူရှင်း…..ကျောင်းတော်က မင်းကို စာသင်ခန်းထဲ ဝင်ခွင့် ယာယီပိတ်ထားတယ်…..ဒါပေမယ့် စိုးရိန်စရာတော့မရှိဘူး….ငါသူတို့နဲ့သွားပြောလိုက်မယ်…..သူတို့မကြာခင် နင့်ကို ခွင့်လွှတ်မယ်လို့ ငါယုံတယ်…..”
 ချင်ယီက ထိုသတင်းအားကြားမိသောအခါ သူမ၏နားကိုပင်မယုံနိုင်ချေ၊ ရီဖူရှင်း၏ ပါရမီ မည်မျှကောင်းမွန်သည်ကို အကုန်လုံးက မျက်မြင်ကိုယ်တွေ့ဖြစ်သည်၊ ကျော်းတော်မှဆရာများနှင့်ဖြစ်သောအနည်းငယ်သော ကတောက်ကဆက သည်မျှအပြစ်ပေးစရာလိုသလား၊ ထို့အပြင် စာမေးပွဲရလာဒ်မှာလည်း ရာနှုန်းပြည့်တရားသည်ဟု သူမ မယုံပေ။
 အမှန်တစ်ကယ်တွင်ကား ချင်ယီက ပြစ်ဒဏ် အပြည့်အစုံအား မပြောပြရသေးပေ၊ ကျောင်းတော်က ရီဖူရှင်းအား စာသင်ခွင့် ပိတ်ရုံသာမက အနီးကပ်စောင့်ကြည့်ရန်ပါ ညွှန်ကြားထားသေးသည်၊ ဆိုလိုသည်မှာ ရီဖူချင်းအား ကျောင်းမှထုတ်ပယ်ခံရကောင်း ခံရနိုင်သေးသည်၊ ရီဖူရှင်း၏ ပါရမီအခြေ ခံကလည်း သူ့အား ကယ်နိုင်ပုံမရတော့ပေ၊ သူ၏ ခေါင်းမာမှုအတွက် ပေးဆပ်ရသော အပြစ်ဒဏ်ဟုပင် ပြောနိုင်သည်။
 ရီဖူရှင်း၏မျက်နှာကား ပြိုကျတော့မည့်ကောင်းကင်လိုပင်၊ သူ၏ ဝမ်းနည်းသောပုံစံက လူတိုင်းအား သနားဂရုဏာသက်စေသည်။
 “စီနီယာ အစ်မ……” သူ၏အသံကား အနည်းငယ် တုန်နေသည်၊ သူက ချင်ယီထံသို့ ခေါင်းအနည်းငယ်ငုံ့လျက် လျောက်သွားလိုက်သည်။
 သူမကား ထိုမြင်ကွင်းအား ကြည့်ရှုကာ ရင်ထဲ နာကျင်လာသည်၊ သူမက ကြိုးစားပြုံးကာ နှိပ်သိမ့်ရန်ကြိုးစားလိုက်၏….
 “စိတ်မပူနဲ့ မကြာခင်အဆင်ပြေသွားလိမ့်မယ်….”
 ရီဖူရှင်းက ခေါင်းညှိတ်လိုက်သည်….၊ ထို့နောက် ရှေ့သို့ အနည်းငယ်တိုးကာ ချင်ယီအား အသာအယာ ဖက်လိုက်လိုက်။
 “ဟင်….”
 “သူဘာလုပ်နေတာလဲ….”
 အခန်းထဲမှလူများအားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။
 “ဒီအကောင် ဘာလုပ်နေတာလဲ….”
 “…………..”
 “ဒီကောင်က စီနီယာ အစ်မကို ဖက်လိုက်တာလား….”
 အခန်းထဲမှလူများ ပါးစပ်များဟ လျက် ထိုမြင်ကွင်းအား ငေးကြည့်နေကြသည်။
 “ကျေးဇူး….စီနီယာအစ်မချင်….” ရီဖူရှင်းက အသာအယာပြောလိုက်သည်။
 ချင်ယီ က ဘာဖြစ်သွားမှန်းမသိလိုက်ပေ၊ သူမက ရီဖူရှင်းအား နှိပ်သိမ့်မည်ကြံနေခြင်းဖြစ်သည်၊ တစ်ခုခုမှားနေသည်ဟု သိလိုက်သည်။
 သူမ ရုတ်တရက် နောက်သို့ ခုန်ဆုတ်လိုက်သည်၊ သူမ၏မျက်နှာကား ရှက်ရွံ့သောကြောင့် နီရဲနေ၏၊ သူမကား ရီဖူရှင်းအား သနားသောစိတ် လုံးဝ မကျန်တော့၊ သူမ ဒေါသတကြီး အော်ဟစ်လိုက်သည်……..
 “ရီ….ဖူ…..ရှင်း…..”

              သို့သော် ချင်ယီ အော်ဟစ်နေစဉ်အတွင်းမှာပင် ရီဖူရှင်းကား အစအနပင်ရှာမရအောင် ပျောက်ကွယ်သွားပြီဖြစ်သည်။

             “ငါနဲ့ နောက်တစ်ခါ မတွေ့စေနဲ့……” ထွက်ပြေးသွားသော အဝေးမှ ပုံရိပ်အား ဒေါသတကြီးကြည့်ကာ သူမ အော်ဟစ်လိုက်၏။
         
              နောက်ဆုံးတွင် မာန်သက်နေရာမှ ကျောင်းသားတစ်ချို့ သတိဝင်လာကာ ထရပ်လိုက်ကြ၏…….

               “ခွေးကောင်……..” သူတို့ထဲမှ တစ်ယောက်က အော်လိုက်သည်၊ ရီဖူရှင်းကား သူတို့၏ နတ်သမီးအား အမှန်တစ်ကယ်ပင် ပွေ့ဖက်ခဲ့သည်၊ သူတို့ မည်သို့ သည်းခံနိုင်ပါမည်နည်း။

                “ေ_ာက်ရှက်မရှိတဲ့ ခွေးကောင်…..ကျောင်းတော်က အပြစ်ပေးတာတောင် နည်းသေးတယ်….တစ်ခါတည်း ကျောင်းထုတ်ပစ်ရမှာ……” နောက်ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။  

                “ဟုတ်တယ်…..ဒီကောင်ကို ကျောင်းထုတ်ပြီးတော့ ကျောင်းတော်ရဲ့မြေကို ဘယ်တော့မှ ခြေ ထပ်ချလို့မရအောင် လုပ်သင့်တယ်……” သူတို့၏ နတ်သမီးကား အသားယူခံလိုက်ရ၏၊ လူတိုင်းက ဒေါသူပုန်ထလျက် ဆဲရဲပြစ်တင်နေကြသည်။

             ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်သား ကျောင်းကော်ရစ်တာတွင် လမ်းလျောက်နေကြသည်၊ ယူချင်းက မေးလိုက်သည်…….
                “ဘယ်လိုနေလဲ…….”

                “မင်းဘာကို ပြောနေတာလဲ……စီနီယာအစ်မက ငါ့ကို အရမ်းကောင်းလို့ နည်းနည်း စနောက်ရုံပဲကို…..” ရီဖူရှင်းက ပြန်ဖြေလိုက်သည်၊ ယူချင်းက သူ့အား စီနီယာအစ်မချင်ကို မကောင်းသည့်စိတ်မျိုးတွေးနေသည်ဟု ထင်နေပုံရသည်၊ သို့သော် အမှန်တစ်ကယ်ကား သူ့စိတ်ထဲတွင် ဘာမှမရှိပေ။

              “အင်း….” ယူချင်းက နားလည်သည့်ပုံစံဖြင့် ခေါင်းညှိတ်လိုက်သည်၊ ရီဖူရှမ်းက သက်ပြင်းချက်လျက် ယူချင်းပင်လျင် ပြောင်းလဲသွားသည် ဟု တွေးလိုက်သည်။

                 “ကျောင်းတော်က ငါ့ကို အပြစ်ပေးတယ်ဆိုတာ မယုံနိုင်ဘူး…….” ရီဖူရှင်းက ပြောလိုက်သည်၊ စာမေးပွဲအတွင်း သူပြသခဲ့သော ပါရမီကား အသုံးမဝင်သလို ယူချင်း၏ပထမနေရာမှာလည်း မှားယွင်းစွာ ဆုံးဖြတ်ခြင်းခံခဲ့ရသည်၊ရီဖူရှင်းက သူတို့၏ဆုံးဖြတ်ချက်အား ဆန့်ကျင့်ခဲ့သည့်အတွက် ယခု အပြစ်ပေးတော့မည်ဖြစ်သည်၊ သူအမှန်တစ်ကယ် စိတ်ပျက်မိသည်။

              ယူချင်းက သူ့မျက်ခုံးများတွန့်အောင် တွေးလျက် ပြောလိုက်သည်……..“ဖြစ်နိုင်တာက ဓားခန်းမသခင်နဲ့ ကျောင်းအုပ်က မင်းရဲ့အပြုအမူကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ထင်လို့ဖြစ်မယ်………”

                “ငါဂရုမစိုက်ပြီး…..သူတို့ငါ့ကို တစ်ကယ်ထုတ်ပယ်မည့်ပုံ မရှိပါဘူး……..” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

                “တစ်ကယ် မထုတ်ဘူးလို့ ဘယ်သူပြောလဲ…….” သူတို့၏နောက်မှ တစ်စုံတစ်ယောက်က ပြောလိုက်၏၊ ရီဖူရှင်းက လမ်းလျှောက်နေရာမှ ရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။

               ထိုသူကား မူရွန်ချူ  ဖြစ်သည်၊ သူက ဖူရှင်းအား သရော်သလိုကြည့်ကာ ပြောလိုက်သည်…….“မင်းရဲ့ ပါရမီက ပြသနာအားလုံးကို ပြေလေစေလိမ့်မယ်လို့ ယုံနေတာတော့ မဟုတ်ပါဘူးနော်…ဟဟ…..ဒါဆိုရင် ယူချင်းက ပထမနေရာ ကိုဘာလို့ ဆုံးရှုံးရတာလဲ……ဟ..ဟ….”

                သူပြောသည်ကို ကြားပြီး ဖူရှင်းမျက်မှောင်ကုပ်သွားသည်၊ ယူချင်းက ပထမနေရာကို လွဲခဲ့သည်မှာ ဒိုင်လူကြီးများ၏ ဘက်လိုက်မှု သို့မဟုတ် မှားယွင်းစွာဆုံးဖြတ်မှုကြောင့် မဟုတ်ဘဲ ပူးပေါင်းကြံစည်ထားခြင်းပေလော။

                “မင်းအခုတွေးနေတာက အမှန်တွေ….ဟား..ဟား…ဒါတင်မဟုတ်သေးဘူး ကျောင်းတော်က မင်းကို အပြစ်ပေးတာလည်း ငါ့ကြောင့်ပဲ……” မူရွန်ချူ က ဖူရှင်း၏ရှေ့သို့အနည်းသယ်တိုးကာ အသံနှိမ့်လျက်မေးလိုက်သည်……..“မင်းအံ့သြသွားလား”

             ထိုစဉ်  ယူချင်းက လက်ဆစ်ရိုးများအား တစ်ဖြောက်ဖြောက်မြည်အောင် ချိုးလျက်ရှေ့သို့တိုးလာသည်၊ သူကား မူရွန်ချူ  ကို အလွန်ရိုက်နှက်ချင်နေလေပြီ။

                “မင်းက ငါ့ကို ရိုက်ချင်တယ်…..မင်းမှာ ဒီလိုလုပ်ဖို့ သတ္တိရှိလို့လား…အရူး…..” မူရွန်ချူ က ယူချင်းအားကြည့်လိုက်သည်၊ သူက ယူချင်းအား အထင်သေးနေပုံရ၏၊ ရီဖူရှင်း၏ မျက်လုံးများ အေးစက်သွားသည်။

                “ငါကြားတာတော့ မင်းနဲ့ ဖန်းရှင်းဇွီက အတူတူကြီးပြင်းလာကြတာဆို…..သူမက အရမ်းလှတာပဲ….အသက်ဆယ့်ငါးနှစ်၊ ပွင့်ဖူးကလေး…..၊ သွေးဆောင်ဖျားယောင်းရလွယ်တယ်……” မူရွန်ချူ  ကဆက်ပြောလိုက်သည်၊ ယူချင်းက ရှေ့သို့ တိုးလာနေ၏။

                “ယူချင်း…….” ဖူရှင်းက ခေါ်လိုက်သည်၊ သူ၏မျက်နှာပေါ်တွင် အေးစက်မှုများ ပျောက်ကွယ်သွားကာ သူပြုံးလိုက်သည်။

                မူရွန်ချူ ၏စကားများကား သည်းခံရ တစ်ဖြည်းဖြည်းခက်ခဲလာသည်၊ သူ၏ရည်ရွယ်ချက်ကား တစ်ခုတည်းသာ၊ ရီဖူရှင်းအား ချောက်ချရန်ဖြစ်သည်။

               အကယ်၍ ရီဖူရှင်းက သူ့အား တိုက်ခိုက်မည်ဆိုပါကလည်း သူ ခုခံမည် မဟုတ်ပေ၊ သို့မှသာလျင် ကျောင်းတော်မှ ရီဖူရှင်းအား ထုတ်ပယ်ရန် နောက်ထပ်အကြောင်းပြချက်တစ်ခု ရမည်မဟုတ်ပါလား။

                “မူရွန်ချူ.……ငါမှတ်ထားတယ်…..” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်၊“ယူချင်း….သွားစို့….” ရီဖူရှင်း နောက်သို့လှည့်ကာ ထွက်သွားလေသည်။

                ယူချင်းက မူရွန်ချူ အား နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်သည်၊ ထို့နောက် ရီဖူရှင်း၏နောက်သို့ လိုက်ပါသွား၏၊ မူရွန်ချူ အနည်းငယ် အံ့အားသင့်သွားသည်၊ သူက ဖူရှင်းတို့ နှစ်ယောက်ထွက်သွားသည်ကို အေးစက်စွာကြည့်နေသည်၊ သူတို့နှစ်ယောက်ကား စာမေးပွဲအတွင်း မည်မျှမာနကြီးသနည်း၊ ယခုအဘယ်ကြောင့် ကြောက်ရွံ့နေသနည်း၊ မူရွန်ချု နှုတ်ခေါင်းတစ်ချက် ရှုံ့လိုက်၏။

                “မင်းဘာလို့ ငါ့ကို လှုပ်ရှားခွင့်မပေးတာလဲ……ငါဒီကောင် အရိုးတွေကို ချိုးပစ်မယ်…..” ယူချင်းကား အလွန်ဒေါသထွက်နေပုံရသည်။

                 “ပြီးတော့ အပြစ်တွေကို ငါ့ခေါင်းဆီ ပုံပေးလိုက်လေ……”ရီဖူရှင်းက ပြောလိုက်သည်၊ စာမေးပွဲပီးကတည်းက မူရွန်ချူက သူ့အား မျက်စိကျနေပုံရသည်၊ မူရွန်ချူ ၏ထောင်ချောက်ထဲသို့ သူအဝင်မခံနိုင်ပေ။

                “မင်းတစ်ယောက်တည်း ပြန်လိုက်တော့…..ငါသွားစရာ ရှိသေးတယ်……”

                 “မင်း ဘယ်သွားမလို့လဲ…” ယူချင်းက ပြန်မေးလိုက်သည်၊

               “မြေခွေးမရဲ့ ဂူသို့……” ရီဖူရှင်းက ထိုသို့ပြောကာ နောက်လှည့်လျက် ထွက်သွားသည်၊ ရီဖူရှင်း၏ကျောပြင်အား ကြည့်လျက် ယူချင်းက ရေရွက်လိုက်သည်……“မိဘကိုတောင် တွေ့နေပြီလား…….”

                သူမှတ်မိသလောက် ထိုသူတို့နှစ်ယောက် သိကြသည်မှာ တစ်လပင် မပြည့်သေးပေ၊ သူတို့နှစ်ယောက်ကား မြန်ဆန်လွန်းလှသည်၊ ယူချင်းစဉ်းစားရင်း နားမလည်တော့ပေ၊ သူခေါင်းခါလိုက်ကာ သူ၏အဆောင်သို့ ပြန်သွားလိုက်သည်။

                ဟွာဂျီယူနေထိုင်ရာ နေရာကား ကျောင်းတော်အတွင်း၌ အလွန်ကောင်းမွန်သော နေရာဟု သတ်မှတ်နိုင်သည်၊ တစ်ခြားအဆောက်အဦးများနှင့် ဝေးကွာကာ တိတ်ဆိတ်ငြိမ်သက်လှသည်၊ ရီဖူရှင်း ကား သိပ် မအံ့သြတော့ပေ၊ထိုနေ့က တီအန်ယွာ တောင်ပေါ်၌ ကျောင်းတော်မှ ဆရာအများစုမှာ ထိုလူကြီးအား အလွန်တလေးတစား ဆက်ဆံရသည်ကို သူ မျက်မြင်ကိုယ်တွေ့ပင်၊ ထိုလူကြီးမှာ ကျောင်းတော်တွင် အဆင့်မြင့် ထိပ်သီးပုဂ္ဂိုလ် တစ်ဦးဖြစ်သည်မှာ ထင်ရှားလှသည်၊ထို့အပြင် ဟွာဂျီယူမှာလည်း ကျောင်းတော်မှ အလွန်အရေးပေးခံရသော ပါရမီရှင်တစ်ယောက်ဖြစ်ပေသည်။

               အဆောင်၏အပြင်ဘက်နားတွင် ရီဖူရှင်းက လူငယ်တစ်ယောက်အား တွေ့၏၊ ထိုလူငယ်ကလည်း ရီဖူရှင်းအားမြင်သည် ၊ သူအနည်းငယ်စိတ်ရှုပ်သွားပုံရသည်…….ရီဖူရှင်းအား စာမေးပွဲအတွင်းတွင် သူမြင်ဖူးသည်။

              “စီနီယာ အစ်ကို” ရီဖူရှင်းက နှုတ်ဆက်လိုက်သည်၊ သူကလည်း ထိုလူငယ်မှာ ကျောင်းတော်၏ဆရာများအနီးတွင် ထိုင်နေသည်ကို တွေ့ခဲ့သည်၊ ထိုလူငယ်မှာ ကျောင်းတော်၏တရားဝင်ကျောင်းသားဖြစ်ရမည်။

                “မင်း ဒီမှာ ဘာလုပ်နေတာလဲ……”ထိုလူငယ်က မေးလိုက်သည်၊ သည်ကောင် ဤလမ်းကို မည်သို့မှားယွင်းရောက်လာသနည်း၊ သူ့စိတ်ထဲထူးဆန်းသလိုဖြစ်သွားသည်။

                 “ကျွန်တော် ဆရာ့ဆီ လာတာလေ….”ရီဖူရှင်းက ပြန်ပြောလိုက်သည်။

                “မင်းရဲ့ဆရာ……မင်းရဲ့ဆရာက ဘယ်သူလဲ…….” ထိုလူငယ်က ဆက်မေးလိုက်သည်။

                “သိပ်မသေချာဘူး…..ဒါပေမယ့် ဆရာက ဒီမှာနေတာ……. ”ရီဖူရှင်းက ရှေ့မှ အဆောက်အဦးအား လက်ညှိုးညွှန်လျက် ဖြေလိုက်သည်။

                  “စီနီယာ ဟွာ……”ထိုလူငယ်က ရေရွက်လိုက်သည်၊ သူက တစ်ဖန် ရီဖူရှင်းအားပြောလိုက်သည်…..“ဂျူနီယာ….ငါ့မှာ အရေးတကြီးသွားစရာရှိလို့ သွားလိုက်ဦးမယ်…..”ထိုလူငယ်ကပြောလိုက်သည်။

             “အင်း….”ရီဖူရှင်း အနည်းငယ် ကသိကအောက်ဖြစ်သွားသည်၊ သူကား သူ၏ဆရာနာမည်ကိုပင်မသိပေ၊သူက သူ့ဆရာ၏ မျိုးရိုးနာမည်ပင်လျင် သေချာမသိပေ၊ ထို့နောက် ဖူရှင်းက ဟွာဂျီယူနှင့် သူ့ဆရာ၏ဆက်ဆံရေးအားတွေးကာ ထိုလူငယ်ပြောသည်မှ မှန်နိုင်သည်ဟု တွေးလိုက်သည်။

             ထိုလူငယ်က ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှ ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ဆက်ဆံရေးအား သတိရသွားကာ အခြေအနေအား ချက်ချင်း သဘောပေါက်သွားသည်၊ သူ၏ရင်ထဲ နာကျင်သလိုခံစားလိုက်ရသည်၊ ထို့နောက် ဘာမှဆက်မပြောတော့ပဲ လျင်မြန်စွာ ထွက်ခွာသွားသည်။

              ထိုလူငယ်က ကျောင်းတော်၏ ရီဖူရှင်းအား အပြစ်ပေးမှုကိုလည်း တွေးမိသည်၊ တစ်ချို့ဆိုလျင် ရီဖူရှင်းအား ကျောင်းမှထုတ်ပယ်ရန်အထိ ကြိုးစားနေကြသည်၊ ကမ္ဘာကြီးကား ရှုပ်ထွေးလွန်းလှသည်၊ မည်သူက ထိုမျှသတ္တိကောင်း၍ မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်၏ တပည့်အား အပြစ်ပေးရဲသနည်း။

No comments:

Post a Comment