Tuesday, June 19, 2018

ဒဏ္ဍာရီထဲက ဖူရှင်း(၁၁)

ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၁၁)
---------
                ဖူရှင်းက ယန်ဇူအား ကြည့်ကာ မေးလိုက်သည်…….
                “သိုင်းပညာရှင်နဲ့ မှော်ပညာရှင် နှစ်ယောက်ကြားမှာ ဘယ်သူက ပိုပြီး ကြံ့ခိုင်လဲ၊ သန်မာလဲ၊ လျင်မြန်လဲ…”
                  “ဟုတ်တယ်…..ဒါတွေက မှော်ဆရာတွေရဲ့ အားနည်းချက်တွေပဲ…..ဒါပေမယ့် သိုင်းပညာရှင်က မှော်ဆရာရဲ့ အနားကိုတောင် ကပ်နိုင်မှာ မဟုတ်ဘူး….” ယန်ဇူက ပြောသည်။
                  “နိုးထခြင်း အဆင့်မှာ မှော်ဆရာက အဝေးကနေပြီး မှော်ပညာကို မသုံးနိုင်ဘူး…..တစ်ကယ်လို့ သိုင်းပညာရှင်က မတိုက်ခိုက်ဘဲ ဝိုင်းဖို့ ကြိုးစားမယ်ဆိုရင် မင်းဘာလုပ်မလဲ…..”
                “ဒါကေ_ာက်သုံးမကျတဲ့ မေးခွန်းပဲ……ဒါဆို ငါက အရင်စပြီး တိုက်ခိုက်မှာပေါ့….နိုးထခြင်း အဆင့်မှာတောင် မှော်ဆရာတွေက အားကောင်းတဲ့ မှော်သိုင်းတွေ ရှိတာပဲ…..” ယန်ဇူက ပြန်ပက်လိုက်သည်။
                “မင်း တိုက်ခိုက်မယ်…..ငါဆုတ်မယ်…..မင်း ဆုတ်တဲ့အခါ ငါတိုက်မယ်…..” ရီဖူရှင်းက ပြောလိုက်သည်။
                သူ၏ အဖြေက စင်ပေါ်ရှိ ကျောင်းတော်မှ ဆရာများအား ချွေးစို့သွားစေသည်၊ သူကား သူ၏ တိုက်ပွဲအစီအစဉ်အား အေးဆေးစွာ ပြောပြနိုင်သည်၊ အကယ်၍ အတွေ့အကြုံကြွယ်ဝသော သိုင်းပညာရှင်က ပြောခြင်းဖြစ်ပါက မထူးဆန်းသော်လည်း ယခု စကားများကား ကျောင်းတော်၏ သာမာန်ပြင်ပ ကျောင်းသားတစ်ဦးထံမှ လာခြင်းဖြစ်သည်။
                ဤသည်က ဖူရှင်းအား အလွန်ပြောင်မြောက်သကဲ့သို့ သူတို့၏စိတ်အား ထိတ်လန့် အေးစက်စေသည်၊ သူ၏ တိုက်ပွဲနည်းစနစ်က သူကိုယ်တိုင် သိုင်းပညာရှင်နှင့် မှော်ပညာရှင်တို့၏ အားသာချက် အားနည်းချက်များအား မည်မျှနားလည်သည်ကို သက်သေပြနေပေသည်၊ထို့အပြင် ထိုအသိပညာများအား အခြေံ၍ တိုက်ပွဲနည်းစနစ်များအား ကိုယ်တိုင် ချမှတ်နိုင်လေပြီ။
                 သူ၏နည်းစနစ်များကား အလွန်ညှင်သာ၍ ထိရောက်လှသည်၊ သိုင်းပညာရှင်များကား ပို၍ ကြံ့ခိုင်မှုကောင်းပြီး ပို၍ လျင်မြန်သည်၊ ထို့အပြင် နိုးထခြင်းအဆင့်မှ မှော်ဆရာများမှာ အဝေးမှ မတိုက်ခိုက်နိုင်ပေ၊ ထို့ကြောင့် သိုင်းပညာရှင်က မှော်ပညာရှင်၏ စွမ်းအားများ လျော့နည်းသွားမည့်အချိန်ကို စောင့်ရန်သာလိုပေသည်။
                 ယန်ဇူကား အခြေအနေ ဟန်ပုံမရတော့ပေ၊ သူက ရီဖူရှင်းအား ကြည့်လိုက်ကာ ပြောလိုက်သည်……
                “နိုးထခြင်း အဆင့်က ယေဘုယျတိုးတက်မှုကို ဦးတည်တယ်….အကယ်၍ မှော်ဆရာက သဘာဝစွမ်းအင် တိုးတက်မှုကိုပဲ အာရုံစိုက်ရင် သူက ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုမှာ သိုင်းပညာရှင်ကို မရှုံးနိုင်ဘူး……”
                   “မင်းက နိုးထခြင်း အစောပိုင်းအဆင့်တွေနဲ့ ပတ်သက်ပြီးပြောနေတာပဲ…..မှော်ဆရာက နိုးထခြင်း အဆင့်ခြောက်ကို ရောက်တဲ့အခါ သူတို့က ဓာတ်သဘာဝစွမ်းအင်တွေကို ထိန်းချုပ်ဖို့လေ့ကျင့်ရသလို တစ်ခြား သဘာဝစွမ်းအင် အမျိုးအစားတွေကိုလည်း လေ့လာလိုက်စားရတယ်….တစ်ကယ်လို့ သူတို့က မှော်ပညာကိုပဲ လေ့ကျင့်တယ်ဆိုရင် အဲဒီအခြေအနေမှာ သူတို့ရဲ့ သဘာဝစွမ်းအင်ပမာဏက အကန့်အသတ်ရှိတယ်…..တစ်ခြားတစ်ဘက်မှာ သိုင်းပညာရှင်က ဒီလိုပြသနာ မရှိနိုင်ဘူး….မင်းရဲ့ အခု လက်ရှိအကြံက သိုင်းပညာနဲ့ မှော်ပညာနှစ်ခုလုံးရဲ့ အစွန်းတစ်ဘက်စီကို ရောက်နေတယ်…..” ရီဖူရှင်းက ဖြည်းဖြည်းချင်း ရှင်းပြသည်၊
               “သာမာန်ဆိုရင် နိုးထခြင်းအဆင့်မှာ သိုင်းပညာ နဲ့ မှော်ပညာ က သိပ်ကြီးကြီးမားမား ကွဲပြားခြားနားတာမရှိပေမယ့် တစ်ကယ်တမ်းနှိုင်းယှဉ်တဲ့အခါ သိသာတဲ့အရာတွေရှိတယ်….အကောင်းဆုံးကတော့ သိုင်းပညာနဲ့ မှော်ပညာကို တွဲပီး လေ့ကျင့်တာပဲ…….”
                 “ဒီလောက်ဆို ရပြီ….” စာမေးပွဲကြီးကြပ်သူက ဆက်ပြောသည်……
                 “ ဘာလို့ သိုင်းပညာရှင်က နိုးထခြင်းအဆင့်ထက်ပိုမြင့်တဲ့ အဆင့်မှာ မှော်ဆရာကို နိုင်ဖို့ အခွင့်အရေးရှိတယ်ဆိုတာက မင်းတို့ဘာသာ တွေးယူဖို့ ထားခဲ့လိုက်မယ်…..သတိရပါ….မင်းကိုယ်တိုင်နဲ့ ရန်သူကို နားလည်ခြင်းက အနိုင်ရဖို့ အဓိက သော့ချက်ပဲ…..အားကောင်းတဲ့သူက အားကောင်းမှာပဲ ဘယ်ပညာကိုပဲသင်သင် ဒါက တူတူပဲ….ယန်ဇူ…..တစ်ကယ်လို့ မင်းနဲ့ ရီဖူရှင်းကို အခုနေ အဆင့်အတူတူထားပြီး တိုက်ခိုက်ခိုင်းရင် မင်းက သေချာပေါက်ရှုံးမှာပဲ….”
               ချင်းကျူ ကျောင်းတော် တည်ထောင်ကတည်းက နွေဦးရာသီ စစ်ဆေးခြင်းနှင့် ရာသီကုန် စစ်ဆေးခြင်းများတွင် ရေးဖြေစာမေးပွဲအား ထည့်သွင်းခဲ့သည်၊ကျောင်းသားများမှာ တစ်ကယ့်တိုက်ပွဲ အတွေ့အကြုံ မရှိသည့်အလျောက် တိုက်ပွဲအခြေခံ အသိပညာများ သင်ပေးရန်မှာ အရေးကြီးသော ရည်ရွယ်ချက်ဖြစ်သည်။
                 “ရှုံးဖို့သေချာတယ်…..” ယန်ဇူကား အတန်ငယ်တိတ်ဆိတ်ကာ တွေဝေနေသည်၊ သူက ထို့နောက် စာမေးပွဲကြီးကြပ်သူအား မော်ကြည့်ကာ ပြောလိုက်သည်…..
                “ကျွန်တော် အရှုံးကို လက်ခံပါတယ်….”
                စာမေးပွဲကြီးကြပ်သူက ယန်ဇူအား ကြည့်ကာ ယန်ဇူအား တစ်ကယ့်အဖြစ်မှန်အား လက်မခံနိုင်သေးသည်ကို ရိပ်မိသည်…..သို့သော် သူဘာမှဆက်မပြောတော့….လူငယ်များ၏ ခေါင်းမာသောစိတ်မှာ အလွယ်တစ်ကူ မပြောင်းလဲနိုင်သည်ကို သူနားလည်သည်။
                 “ရာသီကုန် စစ်ဆေးခြင်း ရေးဖြေ စာမေးပွဲက အခုပြီးသွားပြီ….စာမေးပွဲရဲ့အရေးအကြီးဆုံးအပိုင်းက မနက်ြဖန်ကစပြီး စစ်ဆေးမယ်…..” စာမေးပွဲကြီးကြပ်သူက ကြေညာလိုက်သည်၊ ကျောင်းသားများက မတ်တပ် ရပ်လိုက်ကြသည်၊ ထို့နောက် အလျိုလျို မိမိတို့ မိဘ၊ အသိမိတ်ဆွေများအား လိုက်လံ နှုတ်ဆက် စကားပြောကြသည်။
                 ရေးဖြေစာမေးပွဲကား ပြီးဆုံးသွားပြီ ဖြစ်သည်၊သို့သော်လည်း ကျောင်းသားများ၏ စိတ်ခံစားချက်များမှာကား အထိုင်မကျသေးပေ၊ မျက်လုံးပေါင်းများစွာက ရီဖူရှင်းအား စောင့်ကြည့်နေကြသည်။
                 သုံးနှစ်လုံးလုံး သူကား ဘာမှ အသုံးကျသည့်သူ မဟုတ်ပေ၊ သို့သော် ယခုမူလား လူတိုင်းအား အံ့အားသင့်စေခဲ့သည်၊ သူ့အား မည်သူက ရေးဖြေစာမေးပွဲ၏ ပထမ နေရာကို ရမည်ဟု ယုံကြည်ကြပါမည်နည်း။
                ယန်ဇူက နောက်သို့ လှည့်ကာ ရီဖူရှင်းအားမျက်နှာချင်းဆိုင်လိုက်သည်၊ သူက အေးစက်စွာ ပြောလိုက်သည်…..
                  “ငါအရင်က ပြောခဲ့တာတွေကို ပြန်ရုတ်သိမ်းတယ်…..ငါက ဒီသုံးနှစ်လုံးမင်းက ဘာမှ အသုံးမကျဘူးလို့ထင်ခဲ့တယ်…..ဒီလိုဆိုရင်တောင်မှ စာရွက်ပေါ်ကအကြောင်းအရာတွေက အသုံးမဝင်ဘူး….တစ်ကယ်လို့မင်းက ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မရှိဘူးဆိုရင် ဒါတွေအားလုံးကို သိနေလည်း အလကားပဲ….မင်းမှာစွမ်းအားမရှိဘူးဆိုရင် မင်းကို နင်းချေရတာ ပုရွက်ဆိတ်တစ်ကောင်လိုပဲ လွယ်ကူမှာပဲ…..”
               “မင်းက ခုနက အရှက်ရထားတာကို သက်သာအောင်လို့ ပြောနေတာလား….ခုထိ နားမလည်သေးဘူးထင်တယ်….ငါက မင်းကို ပုရွက်ဆိတ်တစ်ကောင်လို နင်းခြေ စေချင်တာလား….” ထိုအချိန် မည်သည့်အချိန်ကပင် ဖူရှင်း၏ ဘေးနားသို့ရောက်နေမှန်းမသိသော ယူချင်းက ရှေ့သို့တစ်လှမ်းတိုးကာ အေးစက်စွာ ပြောလိုက်သည်။
                 ချက်ချင်းပင် ယန်ဇူ၏ မျက်နှာက ထိတ်လန့်သောကြောင့် ဖြူလျော့သွားသည်၊ သူကား ယူချင်းအကြောင်းအား သိသည်၊ လွန်ခဲ့သော နှစ်နှစ်ခန့်က စာသင်ခန်းထဲမှ ကျောင်းသားတစ်ယောက်က ဖူရှင်းအား စော်ကားသော စကားများပြောသောကြောင့် ယူချင်းက ထိုကျောင်းသားအား သွားများအားလုံး ပြုတ်ထွက်သွားအောင် ထိုးကာ လည်ပင်းမှကိုင်လျက် စာသင်ခန်းမှ လွှင့်ပြစ်ဖူးသည်၊ ထိုနေ့မှစ၍ မည်မျှပင် လူတိုင်းက ဖူရှင်းအား ကြည့်မရဖြစ်နေပါစေ မည်သူမှ ယူချင်း၏ရှေ့တွင် ဖူရှင်းအား မစော်ကားရဲကြတော့ပေ။
                 လူအများအပြားက ထိုအကြောင်းအရာအား မေ့သွားကောင်း မေ့သွားမည် ဖြစ်သော်လည်း ယန်ဇူကား မမေ့ပေ၊ ယူချင်း၏ရှေ့တွင် မတ်တပ်ရပ်နေရင်းကပင် ထိုအကြောင်းအား တွေးမိကာ သူ့အလိုလို ကြောက်ရွံ့သော စိတ်များဖြစ်ပေါ်လာသည်။
                 “သွားစမ်း……” ယူချင်းက ယန်ဇူအား ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်၊ ယန်ဇူ ၏ ခန္ဒာကိုယ် ဆတ်ခနဲ တုန်သွားသည်…….
                  “မနက်ဖြန်မှတွေ့တာပေါ့….” သူက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်၊ ထို့နောက် လျင်မြန်စွာထွက်ခွာသွားသည်။
                သူက သွားခါနီး ဟွာဂျီယူအား တစ်ချက် ကြည့်လိုက်သေးသည်၊ သူက သူမ၏ရှေ့တွင် သူ၏ အရှက်ရဖွယ် အခြေအနေအားတွေးလိုက်ကာ စိတ်ထဲပို၍ နာကျင်သွားသည်။
                ရီဖူရှင်းကား မည်သို့မျှ မပြောဘဲ ပြုံးနေ၏၊ သူ့အား လင်းရှာကလည်း စိုက်ကြည့်နေကြောင်း သတိထားမိပြီးဖြစ်သည်၊ သူက လင်းရှာအား အဓိပ္ပါယ်ပါသော အကြည့်တစ်ချက် ပေးလိုက်သည်၊ လင်းရှာကလည်း စာမေးပွဲမတိုင်မှီ သူ့အား အရှက်ရအောင် ပြောခဲ့သည် မဟုတ်ပါလား။
               ရီဖူရှင်း၏ အပြုံးတစ်ချက်ကပင် လင်းရှာက သူမည်သည်ကို ဆိုလိုသည်ကို နားလည်လိုက်သည်၊ သူ၏ နဖူးမှ ချွေးစေးများပင် ထွက်လာသည် ဟုထင်ရသည်၊ သူက လက်နှစ်ဘက်အား တင်းကြပ်စွာ ဆုပ်ကိုင်လျက် ရီဖူရှင်းအား ကြည့်လိုက်သည်……
                “ဒီအတောအတွင်း မင်းက ကောင်းကောင်း လျို့ဝှက်နိုင်ခဲ့တာပဲ….မင်းက သိပ်မတိုးတက်ခဲ့ပေမယ့် စာအုပ်တွေတော့ ဖတ်ဖြစ်တယ်ထင်တယ်….ဟင်း…ဒါက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး….ဒီနေ့ မင်း ပထမ ရပေမယ့် မနက်ဖြန်မင်းက အရှုံးသမား ဖြစ်နေဦးမှာပဲ…..မင်းက ကျောင်းထုတ်ခံရဖို့ အခြေအနေ အများကြီးကောင်းနေသေးတယ်…..မင်းစဉ်းစားကြည့်စမ်း….ဒါက ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ…..”
                  “အရူး….” ဖူရှင်းက နှုတ်ခေါင်း ရှုံ့လိုက်သည်၊ လင်းရှ၏ မျက်နှာပျက်ယွင်းသွားသည်၊ ဖူရှင်း၏ စကားတစ်ခွန်းတည်းက သူ့အရှိုက်အား ထိသွားသလိုခံစားလိုက်ရ၏၊ဖူရှင်းက စာသင်ခန်းအတွင်းတွင် နောက်ဆုံးအကြိမ်က သူ့အား စော်ကားမှုအားလည်း ပြန်သတိရလိုက်ကာ စိတ်ထဲက ဆဲရေးလိုက်သည်။
                 ရီဖူရှင်းက သူ့ပတ်ဝန်းကျင်အား တစ်ချက် ကြည့်လိုက်သည်၊ သူကား ဂုဏ်ယူဝံ့ကြွားသော ဟန်အပြည့်ဖြစ်သည်၊ ယခုကား လူအများက ၏ သူ့အပေါ်အမြင် အနည်းငယ် ပြောင်းလဲသွားသည်ဟု ထင်ရသည်၊ တစ်ချို့ကား သူ့အား ရဲရဲပင် မကြည့်ရဲကြတော့ပေ၊ ထိုသူများကား လွန်ခဲ့သော သုံးနှစ်လုံး သူ့အား အသုံးမကျသော သူသဖွယ် ဆက်ဆံခဲ့ မေးငေါ့ခဲ့ကြသူများပင်ဖြစ်ကြသည်။
              ထိုအချိန်တွင် ဟွာဂျီယူက သူမထိုင်နေသော နေရာမှ ဖြည်းညှင်းစွာထပ်ရပ်လိုက်သည်၊ ထို့နောက်သူမက ပြိုင်ပွဲနေရာမှ ထွက်ခွာသွားလေသည်၊ သို့သော် ခြေလှမ်း ဆယ်လှမ်းခန့်လောက်တွင် ရုတ်တရက် နောက်ပြန်လှည့်လျက် ပြုံးလိုက်သည်၊ ထိုအချိန်ခဏကား မည်သည့်အလှတရားကမျှ သူမအား ယှဉ်နိုင်ဖွယ်မရှိပေ။
                 “မနက်ဖန်ပြိုင်ပွဲမှာ နင့်ရဲ့စွမ်းဆောင်ရည်ကို သိချင်သေးတယ်….” သူမက တောက်ပစွာ ပြုံးလိုက်သည်။
              လူတိုင်းက  သူမ၏အပြုံးအောက်တွင် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသည်ဟု ထင်ကြရသည်၊ ၄င်းမြင်ကွင်းက သူတို့၏အသည်းနှလုံးများအား အရည်ပျော်ကျသွားစေသည်၊ သို့သော်လည်း ထိုအပြုံးက သူတို့အတွက်မဟုတ်ဘဲ ရီဖူချင်းအတွက်သာလျင်ဖြစ်ပေသည်။
                လူတိုင်း၏ ရင်ထဲသို့ သူမ၏အပြုံးအား တံဆိပ်ရိုက်သကဲ့သို့ ချန်ထားခဲ့ပြီး သူမက တစ်ဖန်လှည့်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်၊ ရီဖူရှင်းကား အခြေအနေမကောင်းပေ၊ သူ့ပတ်ဝန်းကျင်ရှိ ယောက်ျားများအားလုံးသူ့အား ဝါးစားမတတ်ကြည့်နေကြသည်ကို သတိထားမိသည်၊ ထိုအချိန်ခဏခန့်က သူ့မျက်လုံးအား မျက်နှာချင်းဆိုင် မကြည့်ရဲသော သူများကား ယခု သူ့အား မုန်းတီးစွာကြည့်နေကြ၏၊
                သူတို့၏ အကြည့်များအားကြည့်ကာ သူထိတ်လန့်သွားသည်၊ ယခုအခြေအနေအရ မနက်ဖန် ပြိုင်ပွဲတွင် သူအခြေအနေဟန်မည့်ပုံ မပေါ်ပေ။
                ရီဖူရှင်းက နောက်ဆုံးတွင် ဟွာဂျီယူ၏ရည်ရွယ်ချက်အား ရိပ်မိလာသည်၊ သူမက သူ့အား တမင်ပင် အခက်တွေ့အောင် လုပ်ခဲ့ခြင်းဖြစ်ဟန်တူသည်၊ ရီဖူရှင်း က စိတ်ထဲမှ ဆဲရဲလိုက်သည်။
                 ရီဖူရှင်းက စိတ်ညစ်သည်၊ တစ်ခြားသူများက မနာလိုဖြစ်ကြသည်၊ ဟွာဂျီယူက ဒီကောငိကို ပြုံးပြခဲ့တာလား၊ သူတို့ အချင်းချင်း သိနေကြတာလား….သူတို့၏စိတ်ထဲ တွေးနေကြသည်၊ ထိုအရာကား မဖြစ်နိုင်ပေ၊ သူ့လို ဘာမှ အသုံးမကျသောကောင်က မည်ကဲ့သို့ ကျောင်းတော်၏အလှနတ်သမီးနဲ့ သိနှင့်ရသနည်း၊ ဖြစ်နိုင်သည်မှာ ရေးဖြေစာမေးပွဲကြောင့် သူမက ရီဖူရှင်းအား အနည်းငယ် စိတ်ဝင်စားသွားခြင်းဖြစ်ဟန်တူသည်၊ လူတိုင်းက ဟွာဂျီယူနှင့် ရီဖူရှင်းတို့၏ ပတ်သက်မှုအား အမျိုးမျိုးတွေးတောနေကြသည်။
                “ဟုတ်တယ်….ဒါမှန်တယ်….ရီဖူရှင်းက မနက်ဖန်စာမေးပွဲကျမှာ သေချာတယ်….ဒီနေ့ဖြစ်ခဲ့တာတွေက ဒီကောင်ရဲ့ စိတ်ကူးယဉ်အိပ်မက်သက်သက်ပဲ…..”
                လူအုပ်က အလျိုလျို ပြန့်ကျဲသွားသည်၊ ရီဖူရှင်းနှင့် ယူချင်းက ရီဘေချွှန်တို့ ရှိသော ပရိတ်သတ်များရှိရာ စင်ဘက်သို့ လျောက်သွားလိုက်ကြသည်၊ သူက ဖူရှင်းတို့ကို မြင်သည်နှင့် ရယ်မောလိုက်သည်….
               “ကောင်းတယ်…ကောင်လေး…မင်းက တစ်ကယ့်ငါ့သွေးသားပဲ…ဟား…ဟား…”
               “ ကောင်းကောင်းလုပ်ခဲ့တာပဲ…ရီဘေချွှန်…မင်းက တစ်ကယ်တော်တဲ့ သားတစ်ယောက် ရထားတာပဲ…မင်းတစ်ကယ်ကို ထူးချွှန်တာပဲ….ချီးကျူးတယ်..ကောင်လေး….” ဖန်းရူဟိုင် ကလည်း ရယ်မောလျက် ချီးကျူးလိုက်သည်။
             “ သေချာတာပေါ့…ဖန်းရှင်းဇွီလည်း တော်တယ်…သူမက ဂုဏ်ထူးတန်းအထိ ဝင်ခဲ့တာပဲ…”
             “ ဒီကိုလာခဲ့ သား….ငါမင်းကို မေးစရာတွေရှိတယ်….” ရီဘေချွှန်က ထိုသို့ပြောကာ ခပ်လှမ်းလှမ်းသို့ လျောက်သွားလိုက်သည်။
                ရီဖူရှင်း အနည်းငယ်အံ့အားသင့်သွားသည်၊ သို့သော် ဘာမှမပြောဘဲ သူ့အဖေနောက်သို့ လိုက်သွားလိုက်သည်၊ ရီဖူရှင်းက အနီးသို့ရောက်သည်နှင့် ရီဘေချွှန်က ပြုံးလျက် ဖူရှင်းအား မေးလိုက်သည်….
               “ ကဲပြောပါဦး…မင်းက ဖန်းရှင်းဇွီကို သဘောမကျတော့တာလား…ဒါမှမဟုတ်….သူ့ထက် ပိုကောင်းတဲ့ တစ်ယောက်ရှိနေတာလား…မင်းအဖေကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်…”
                “ ဒါက နည်းနည်းရှုပ်တယ် အဖေ…ကျွှန်တော့ဘာသာ ဖြေရှင်းပါ့မယ်….” ရီဖူရှင်းက သက်ပြင်းချလျက် ပြောသည်။
                 ရီဘေချွှန်က ပြုံးလိုက်သည်….
                 “ကောင်းပြီလေ…ငါ့ကိစ္စတော့မဟုတ်ဘူးပေါ့…ဒါပေမယ့် သေချာဂရုစိုက်ဖြေရှင်းဦး…မင်းတို့က ငယ်ငယ်လေးထဲက တူတူကြီးပြင်းလာတာ…မင်းတို့ကို ခုလိုမြင်နေရတာ ငါတို့ စိတ်မသက်သာဘူး…အခု…မင်း…ရေးဖြေစာမေးပွဲကို ဖြေပြီးသွားပြီ…မနက်ဖန်အတွက်..ဘယ်လိုလဲ…”
                 ရီဖူရှင်း၏မျက်နှာက တည်သွားသည်၊ ထို့နောက် ရီဘေချွှန်အား သူက သေချာမေးလိုက်သည်….
               “ ကျွှန်တော်တို့ မျိုးနွယ်ဘိုးဘေးတွေမှာ လွှတ်လပ်မှုကျင့်စဉ်ကို အဓိကထားပြီး ကျင့်တဲ့ မှော်ထိန်းချုပ်သူ ရှိလား အဖေ”
                 “ သေချာတာပေါ့…ဒါဆို..မင်ရဲ့သက်စောင့်ဝိညဏ်နိုးထလာပြီပေါ့…” ရီဘေချွှန်က ဖူရှင်းမည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ရိပ်မိလိုက်သည်။
                   “အင်း…” ဖူရှင်းက ခေါင်းညှိတ်လိုက်သည်။
                   “ကောင်းတယ်…” ရီဘေချွှန်က ရုတ်တရက် ဖူရှင်း၏ပုခုန်းအား ရိုက်လျက် ပြောလိုက်သည်၊ သူကား စိတ်အလွန်လှုပ်ရှားသောကြောင့် အသက်ရှုသံများပင်လျင် မြန်လာသည်၊ သူက ဖူရှင်းမှာ နာကျင်သောကြောင့် မျက်နှာ ရှုံ့မဲ့သွားသည်ကို မြင်သောအခါမှ ဖူရှင်း၏ပုခုန်းပေါ်မှ လက်အား ပြန်ရုတ်သိမ်းလိုက်သည်။
                 “ အဖေ…ဘာလုပ်နေတာလဲ…” ဖူရှင်းက သူ့အဖေအား စိုက်ကြည့်လျက် မေးလိုက်သည်၊ သူကဆက်၍….”ဒါဆို ကျွှန်တော်က ဒီပညာပါရမီကို နိုးထနိုင်တဲ့ တစ်ဦးတည်းသောသူပေါ့…”
                   “ ဟုတ်တာပေါ့…ဒါက ငါ့ရဲ့အားထုတ်မှုပဲလေ…ဟား…ဟား…”
                 ရီဘေချွှန်က ရယ်မောလျက် ပြောလိုက်သည်။
                 ဖူရှင်းက မျက်မှောင်ကုပ်လိုက်သည်၊ သူ့အဖေကား သူငယ်ငယ်က မိမိထက်ပင် အရှက်မဲ့ခဲ့ပုံရသည်။
                “ ငါမင်းရဲ့ မွေးစားအဖေကို ဒီသတင်းကို ပြောမှ ရမယ်...သူလည်းအရမ်းပျော်မှာပဲ...ငါ့သား…သူ…မနက်ဖန်…ပြိုင်ပွဲကို လာကြည့်လိမ့်မယ်…” ရီဘေချွှန်က ပြောလိုက်သည်။
              ရီဘေချွှန်က စိတ်ထဲမှ တွေးလျက်ပင် သူ၏မျက်ခုံးများက ရုတ်တရက်မြင့်တက်သွားသည်၊ သူငယ်ငယ်ကတည်းကပင် သူ၏မွေးစားအဖေက ရီဖူရှင်းမှာ တစ်နေ့တွင် သက်စောင့်ဝိညဏ်နိုးထလာလိမ့်မည်ဟု ပြောခဲ့သည်၊ ယခုကား အမှန်တစ်ကယ်ဖြစ်လာလေပြီ၊ သူကား ယခုသတင်းအား ဖူရှင်း၏မွေးစားအဖေအား ပြောပြရန် မစောင့်နိုင်တော့ပေ။
             သူတို့နှစ်ဦး စကားပြောနေကြချိန်အတွင်းတွင် ဖန်းရူဟိုင်ကလည်း သူ၏သမီးအား စကားပြောနေသည်၊ သူက မေးလိုက်သည်….
            “ ရီဖူရှင်းက နင့်ကို ဘယ်အချိန်ကစပြီး အေးစက်သွားတာလဲ..သမီး…” သူက ဆက်၍….“ ဘယ်အချိန်က ရီဖူရှင်းက ဟွဂျီယူနဲ့ စသိတာလဲ…အဲဒီအချိန်ကတည်းက အေးစက်သွားတာလား….”
              သိသာစွာပင် သူတို့၏အဖေနှစ်ဦးလုံးက ရီဖူရှင်းက တစ်ခြားလှပသော မိန်းကလေးတစ်ဦးကြောင့် ဖန်းရှင်းဇွီအား စွန့်ခွာသွားသည်ဟု ယုံကြည်နေကြပုံရသည်၊ ဖန်းရှင်းဇွီက ဤသည်ကို ရိပ်မိသည်၊ သူမက ခေါင်းယမ်းလျက် ငြင်းပယ်လိုက်သည်။
             “ ဒါဆို ဘာဖြစ်ကြတာလဲ…ငါ့ကို အမှန်ပြောစမ်း…” ဖန်းရူဟိုင်က မည်သို့ဖြစ်ခဲ့ကြသည်ကို သိလိုသည်။
              ဖန်းရှင်းဇွီက အနည်းငယ်တုံ့ဆိုင်းနေသည်၊ ထို့နောက် ခေါင်းငုံ့ကား အဖြစ်အပျက်တစ်ခုလုံးအား အစမှပင် ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။
               “ဒါရူးတာပဲ…” ဖန်းရူဟိုင်က သူမပြောသည့်အကြောင်းများအား နားထောင်က တစ်ဖြည်းဖြည်းဒေါသထွက်လာပုံရသည်။
               “ ဒါက မင်းရဲ့ အသိမိတ်ဆွေတွေကို ဆက်ဆံပုံလား…မင်းနဲ့ ဖူရှင်းနဲ့ သိလာတာ နှစ်တွေ ဘယ်လောက်ရှိပြီလဲ…မင်းတို့ အမြဲ စကားများတယ်…စကြနောက်ကြတယ်…သူနဲ့ မပြောနိုင်တဲ့အကြောင်းအရာ ဘာမှမရှိသင့်တာ…တစ်ခြားတစ်ယောက်ကို မင်းတို့ကြားကို အဝင်ခံတာ ဘယ်လောက် ရိုင်းစိုင်းလိုက်လဲ…ဒါက ငြင်းတာမဟုတ်တော့ဘူး…အပြီးပိုင် နှုတ်ဆက်တာကွ…ဒီကောင်လေးက အမြဲတမ်း စလိုက်နောက်လိုက်နေတတ်တာကို ထည့်ပြောစရာကို မလိုတာ…မင်းနဲ့အတူသိုင်းကျင့်ဖို့ လာပြောတာနဲ့ မင်းနဲ့ အတူချိန်းတွေ့ဖို့ လာပြောတာ တူကို မတူတာ…ယူချင်းဆိုရင်ရော…သူက မင်းကို စိတ်မဆိုးဘဲနေမလား…ဒီလိုဖြစ်သွားတာတောင် မင်းက မူရွန်ချူနဲ့ လျောက်သွားနေလိုက်သေးတယ်…မင်းက တစ်ကယ်ကို ဖူရှင်းအကြောင်းမစဉ်းစားဖြစ်တော့တာလား…မင်းမလုပ်သင့်တာတွေလုပ်ပြီးမှ နောက်ဆက်တွဲတွေကို မင်းဘယ်လိုဖြေရှင်းတော့မလဲ…”

No comments:

Post a Comment