ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၁၆)
----------
“ဘာကြောင့်လဲ…..” တာဝန်ခံမှ တတိယနေရာအား ကြေညာရန်ဟန်ပြင်နေစဉ်မှာပင် လူတစ်ယောက်က လှမ်းမေးလိုက်သည်။
လူတိုင်းက ခံစားချက်အမျိုးမျိုးဖြင့် တာဝန်ခံ၏ ကြေညာမှုအား နားထောင်နေကြသည်၊ဖူရှင်း၏မေးခွန်းအားကြားသည်နှင့် ကျောင်းတော်၏တာဝန်ရှိလူကြီးများ၊ ဆရာများ အားလုံး၏မျက်နှာ မဲမှောင်သွားသည်၊ တာဝန်ခံ၏ရလဒ်ကြေညာမှုအား ကြားဖြတ်နှောက်ယှက်ခြင်းသည် ကျောင်းတော်အား အလွန်မလေးစားရာကျပေသည်။
“မူရွန်ချူ က ပထမရပြီး ယူချင်းက ဘာလို့ ဒုတိယလဲ….” ဖူရှင်းက ထပ်မေးလိုက်သည်။
“မင်းက ဘယ်လိုတောင် စည်းကမ်းမရှိတာလဲ….ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ၊ ပြီးတော့ ငါတို့မှာ သေချာတဲ့အကြောင်းပြချက် ရှိတယ်….” တာဝန်ခံက အေးစက်စွာ ပြောလိုက်သည်။
“ကျွန်တော် လက်မခံနိုင်ဘူး….” ရီဖူရှင်းက တာဝန်ခံအား စိုက်ကြည့်လျက်ပြောလိုက်သည်။
“မူရွန်ချူ…..အသက်ဆယ့်ခုနစ်၊ မြေဓာတ်စွမ်းအင်မှော်ဆရာ၊ နိုးထခြင်းအဆင့်ကိုး၊ ယူချင်း…..အသက်ဆယ့်ငါး၊ သိုင်းနဲ့မှော် နှစ်မျိုးလုံး လေ့ကျင့်တယ်၊ ဒီနှစ်မျိုးလုံးမှာ အာရုံခံနိုင်စွမ်း အမြင့်ဆုံး၊ နိုးထခြင်းစွမ်းအင်အဆင့် ရှစ်၊မူရွန်ချူနဲ့ ယူချင်းက ရေးဖြေစာမေးပွဲမှာ နှစ်ယောက်လုံး ဂုဏ်ထူးအဆင့်ရတယ်၊ မူရွန်ချူက နိုးထခြင်းအဆင့်ကိုးနဲ့ သူ့ပြိုင်ဘက် နိုးထခြင်းအဆင့်ကိုးပညာရှင်တွေကို အနိုင်ရတယ်၊ ယူချင်းက နိုးထခြင်းအဆင့်ရှစ်သိုင်းအဆင့်နဲ့ နိုးထခြင်းအဆင့်ကိုး ပညာရှင်တွေကို အနိုင်ရတယ်…. နှိုင်းယှဉ်ရင်ဘယ်လိုပဲကြည့်ကြည့် ယူချင်းက အသာစီးရတယ်…ဒါဆို ဘာလို့ မူရွန်ချူ က ပထမလဲ…..” ဖူရှင်းက နှိုင်းယှဉ်ပြသည်။
သူက ရှေ့ကို တစ်လှမ်းထပ်တိုးလိုက်ပြီး တာဝန်ခံအား ဦးညွှတ်ကာ ပြောလိုက်သည်…….
“သူတို့တွေရဲ့ စွမ်းရည်တွေကို သေချာအကဲဖြတ်ပြီး ဆုံးဖြတ်ပေးပါ ဆရာခင်ဗျား……”
“ဒီကောင်….” ချင်ယီက ရီဖူရှင်းအား အံ့အားသင့်လျက်ကြည့်လိုက်သည်၊ သူမကိုယ်တိုင်ကလည်း စာမေးပွဲရလဒ်အား မကြေနပ်ဖြစ်မိသော်လည်း ယခုလို ဖူရှင်းက တာဝန်ခံအား မေးခွန်းထုတ်ရဲမည်ဟု သူမ မမျော်လင့်ခဲ့ပေ၊ သူကား ပါးနပ်သော သူဖြစ်သည်၊ သို့ဖြစ်လျင် အဘယ်ကြောင့် သူကထို့သို့မိုက်မဲသော အလုပ်ကို လုပ်ရသနည်း သူမ မတွေးတတ်တော့။
ပြိုင်ပွဲကွင်းပြင်တွင် မတ်တပ်ရပ်နေသော ပြင်ပကျောင်းသာများမှာ ရီဖူရှင်းအားကြည့်လျက် တီးတိုးပြောနေကြပြီဖြစ်သည်၊ မူရွန်ချူ ကလည်း မျက်မှောင်ကုပ်လျက် ဖူရှင်းအား ကြည့်နေသည်။
စင်မြင့်ပေါ်မှ ပရိတ်သတ်များ၊ဧည့်သည်များမှာလည်း မည်သို့ပြောရမည်မှန်းမသိတော့၊ သူတို့ကလည်း ယူချင်းအတွက် မမျှတသည်ကို နားလည်ကြသည်၊ သို့သော် ကျောင်းသားတစ်ယောက်က စာမေးပွဲရလဒ်အား မေးခွန်းထုတ်ဝံ့လိမ့်မည်ဟု သူတို့ မတွေးမိကြပေ။
“ဆက်မပြောနဲ့တော့….မင်းအခု ဘာလုပ်နေလဲ သိလား…..” အင်းကွက်ဘေးမှ ဒိုင်လူကြီး တစ်ယောက်က လှမ်းငေါက်လိုက်သည်၊ သူသည်လည်း ရီဖူရှင်းအား သဘောကျသည်၊ ထို့ကြောင့်လည်း လက်ရှိသူ၏ အပြုအမူအား ဆက်လက်လုပ်ရန် သူခွင့်မပြုလိုပေ၊ လူငယ်တစ်ယောက်အတွက် ရူးသွပ်သော အလုပ်များအား လုပ်နိုင်သော်လည်း အကန့်အသတ်ရှိရန်လိုအပ်ပေသည်။
ရီဖူရှင်းလည်း သူဘာလုပ်နေသည်ကို သိသည်၊ သူ၏ အကြောင်းပြချက်များက မည်သည့်ရလဒ်ကိုမျှ ပြောင်းလဲမရနိုင်မှန်းလည်း သိသည်၊ သူ၏ ယခုအပြုအမူကား သင့်လျော်မှုမရှိပေ၊ သို့သော် သူက ပြောရန်လိုအပ်သည်ဟု တွေးသည်၊ အကယ်၍ သူကိုယ်တိုင် မတရားခံရခြင်းဖြစ်ပါက ဂရုစိုက်မည်မဟုတ်သော်လည်း ယခုကား ယူချင်းဖြစ်နေသည်၊ ယူချင်း၏ ဂုဏ်သိက္ခနှင့်ပတ်သက်၍ မတရားခွဲခြားခံရခြင်းအား သူလက်မခံနိုင်၊ ယူချင်းသာလျင် ပထမ ရသင့်ပေသည်။
ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲကား ရီဖူရှင်းပြောသလို စာမေးပွဲနှစ်ရက်လုံးမှစွမ်းဆောင်ရည်အား တွက်၍ အဆင့်ခွဲခြားခြင်းဖြစ်သည်၊ သူ ပြောခဲ့သလို ယူချင်းက မူရွန်ချူ ထက် နိမ့်ကျသော အခြေအနေ တစ်ခုမှ မရှိပေ၊ သို့ဆိုလျင် သူက အဘယ်ကြောင့် မူရွန်ချူ ၏ အောက်၌ အဆင့်ရပ်တည်နေရသနည်း။
အမှန်တစ်ကယ်တွင်ကား ပထမနေရာနှင့် ဒုတိယနေရာ မှာ အနည်းငယ်သာလျင် ကွာခြားပေသည်၊ သို့သော် ရီဖူရှင်းအတွက်မူကား ပထမနေရာအား ယူချင်းသာလျင် ပိုင်ရမည်။
ရီဖူရှင်းက သူ၏အပြုအမူမှာ မလေးမစား လုပ်ရာရောက်နေသည်ကို သိသည်၊ သို့သော် သူအမှန်တစ်ကယ် ထိုရလဒ်အားလက်မခံနိုင်ပေ၊ လူတိုင်းက သူ့အားစော်ကားသည်ကို သူသည်းခံနိုင်သော်လည်း ယူချင်းပိုင်ဆိုင်သောအရာအား မတရားသဖြင့် လုယူခံရသည်အား သူမည်သို့မျှ လက်မခံနိုင်ပေ။
“ရီဖူရှင်း……” ယူချင်းက ခေါ်လိုက်သည်၊ သူက ရီဖူရှင်းပုခုန်းထက်သို့ လက်တင်၍သူ့အား လက်လျော့လိုက်ရန်ခေါင်းယမ်းပြလိုက်သည်၊ ရီဖူရှင်းက ယူချင်းအားပြန်ကြည့်လိုက်သည်၊ ထို့နောက် သက်ပြင်းချလျက် နောက်ပြန်ဆုတ်လိုက်သည်။
“ရလဒ်တွေကို ဆက်ကြေညာပြီး သူ့နာမည်ကို စာရင်းက ဖျက်လိုက်” ရှီဇောင်က တာဝန်ခံအား အေးစက်စွာ ပြောလိုက်သည်၊ သူတို့ကလည်း ငြင်းဆန်မှုတစ်ချို့ရှိလိမ့်မည်ဟု ခန့်မှန်းမိသော်လည်း မူရွန်ချူ ၏စွမ်းဆောင်ရည်မှာ သူတို့မျှော်လင့်ထားသည်ထက်ကောင်းမွန်နေသောကြောင့် ပြသနာမရှိနိုင်ဟု တွေးခဲ့ကြသည်၊ သို့သော် ရီဖူရှင်းက အမှန်တစ်ကယ်ပင် လူအများရှေ့တွင် သူတို့၏ဆုံးဖြတ်ချက်အား မေးခွန်းထုတ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ရလဒ်ကြေညာသည့် တာဝန်ခံက ခေါင်းညှိတ်ကာ ရီဖူရှင်း၏ နာမည်အား ဖျက်လိုက်သည်၊ ထို့နောက် သူက တတိယနေရာအား ဆက်၍ ကြေညာလိုက်သည်……
“တတိယ နေရာ…ဟွာဂျီယူ…..”
ဟွာဂျီယူက လက်တွေ့တိုက်ခိုက်ရေး စစ်ဆေးခြင်းတွင် မပါဝင်ခဲ့သော်လည်း သူမက ရေးဖြေစာမေးပွဲတွင် ဒုတိယ ရခဲ့သည်၊ ထို့အပြင် နိုးထခြင်းအဆင့်ကိုးရှိသော ပါရမီရှင် ဖြစ်သည်၊ သူမအား တတိယနေရာ ပေးခြင်းအား မည်သူမျှ သံသယမဖြစ်ကြပေ၊ သို့သော် လူတိုင်းက တတိယနေရာမှာ ရီဖူရှင်း ရသင့်သည်ဟု ထင်မြင်ကြ၏။
“ဘုန်း…..” ရုတ်တရက် ကြယ်လောင်သော မြေကြီးတုန်ခါသံတစ်ချက်ကြားကာ ရလဒ်ကြေညာနေသည့် တာဝန်ခံက မော်ကြည့်လိုက်သည်၊ သူကား ယူချင်းဖြစ်သည်၊ သူကား စင်မြင့်ထက်သို့ တစ်လှမ်းချင်း လှမ်းလာနေသည်၊ သူ၏တစ်ကိုယ်လုံး သိုင်းစွမ်းအင် အားလှိုင်းများ ရစ်ပတ်ကာ ခြေလှမ်းတိုင်းက မြေကြီးအား တုန်ခါစေသည်၊ သူကား အလွန်ဒေါသထွက်နေလေပြီ။
“သူဘာလုပ်နေတာလဲ…..” လူတိုင်းက ယူချင်းအား ကြည့်ကာ ဘာဖြစ်နေသည်ကို တီးတိုးဝေဖန်နေကြသည်၊ သည် လူငယ် နှစ်ယောက်က ကျောင်းတော်၏ အခွင့်အာဏာအား အမှန်တစ်ကယ် သွယ်ဖယ်ရန် ကြိုးစားနေကြသည်လော။
စာမေးပွဲရလဒ်မှာ ကျောင်းဆောင်နှစ်ခု၏ ကျောင်းအုပ်များမှ ဆုံးဖြတ်ထားခြင်းဖြစ်ရာ ပြန်ပြင်ရန် အလွန်ခက်ခဲလှပေသည်၊ သူတို့က ပြောင်းလဲရန် ကြိုးစားသည်ဆိုသည်မှာ ရူးသွပ်မှုတစ်ခုသာ ဖြစ်သည်။
“ယူချင်း….ပြန်လာခဲ့….” ရီဖူရှင်းက ယူချင်း၏ ဒေါသအား ခံစားမိသည်၊ ယူချင်း ဆိုးရွားသောအရာ တစ်ခုခုလုပ်တော့မည်ဟု စိတ်ထဲမှလည်း ခံစားနေရသည်၊ သူက အော်ဟစ်ကာ ယူချင်းအားရပ်တန့်ရန်ကြိုးစား၏၊ သို့သော် ယူချင်းကား နားထောင်ပုံမရပေ။
ကျောင်းတော်မှ တာဝန်ရှိသူများမှာလည်း မျက်နှာများ မဲမှောင်နေကြသည်၊ ရီဖူရှင်း၏ ပထမ အပြုအမူက လူအများ၏ရှေ့တွင် ကျောင်းတော်၏ ဂုဏ်သိက္ခာအားထိခိုက်စေခဲ့သော်လည်း လူငယ်ဖြစ်နေသဖြင့် ပထမတစ်ကြိမ် ခွင့်လွှတ်ခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ်ကား မတူပေ။
“ယူချင်း…..ပြန်ဆင်းသွား…..” ဓားခန်းမသခင် လန်ရှင်းဖန်က ပြောလိုက်သည်၊ သူကား မူလက ယူချင်းအား ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲ၏ ပထမနေရာပေးရန်ကြံခဲ့သည်၊ သို့သော် ရှီဇောင်က မူရွန်ချူ က ပထမရသင့်သည်ဟု အတင်းငြင်းခုန်ခဲ့သည်၊ သူက လည်း လက်ခံခဲ့သည် အဘယ်ကြောင့်ဆိုသော် သာမာန် အသေးအမွှား ကိစ္စဖြင့် သူတို့နှစ်ယောက်၏အကြား ဆက်ဆံရေး မပျက်ပြားလိုသောကြောင့်ဖြစ်သည်၊ သို့သော် သည်ကောင်လေး နှစ်ယောက်ကား ခေါင်းမာလွန်းလှသည်။
“ကျွန်တော် မူရွန်ချူ ကို စိန်ခေါ်ချင်တယ်…..” လင်ရှန်းဖန် အားစိုက်ကြည့်လျက် ယူချင်းက ပြောလိုက်သည်။
“မင်း ဘယ်လို ပြောလိုက်တာလဲ….ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲက ပြီးသွားပြီ…..မင်းအနေနဲ့ စာမေးပွဲရလဒ်ကို ပြောင်းဖို့နည်းမရှိတော့ဘူး….ကျောင်းတော်ရဲ့စည်းကမ်းကို လေးစားတယ်ဆိုရင် အခု စင်ပေါ်က ဆင်းသွားတာကောင်းမယ်…..” ရှီဇောင်က အေးစက်စွာ ပြောလိုက်သည်။
ယူချင်းက ကျောင်းတော်၏ ကျောင်းအုပ်များအားကြည့်လိုက်သည်၊ လေထုတစ်ခုလုံးအား သိပ်သည်းသွားစေအောင် သူ၏ခန္ဒာကိုယ်မှ ဒေါသလှိုင်းများ ထနေသည်၊ ရီဖူရှင်းက ယူချင်းထံမှ အန္တရာယ် အငွေ့အသက်အား ခံစားမိကာ ပို၍ကျယ်လောင်စွာ အော်ဟစ်လိုက်သည်…..
“ယူချင်း…ငါတစ်ကယ်ပြောနေတာ…ပြန်လာခဲ့….”
မွေးစားအဖေက ဖူရှင်းအား အသေအချာ မှာကြားထားသည်မှာ မည်သည့်အခြေအနေတွင် မဆို ယူချင်း၏ စွမ်းအား အစစ်အမှန်အား မည်သူ့ကိုမျှ မသိစေရ ဟု ပြောထားသည်။
“မလာဘူး…..” ယူချင်းက ခေါင်းယမ်းလျက် ရှေ့သို့ ထပ်လှမ်းသွားလိုက်သည်၊ ယခုကား ယူချင်း၏ကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်တစ်ချို့ လွှမ်းခြုံနေသည်ဟုထင်ရသည်၊ ရွှေဝါရောင် အပြင် အနက်ရောင် စွမ်းအင်တစ်ချို့ကပါ သူ၏ခန္ဒာအနှံ့လွမ်းခြုံထားပြီး ကြောက်မက်ဖွာ် အငွေ့အသက်များ စင်မြင့်တစ်ခုလုံး ပျံ့နှံ့လာနေသည်။
ကျောင်းတော်မှ ဆရာအချို့က ပုံမှန်မဟုတ်သော အခြေအနေအား သတိထားမိလာကာ မျက်နှာများ တည်သွားသည်၊ အခြေအနေကား သာမာန်မဟုတ်တော့။
“ယူချင်း….ငါတစ်ကယ် စိတ်ဆိုးတော့မှာနော်.ပြန်လာခဲ့တော့……” ရီဖူရှင်းက ဒေါသတစ်ကြီး အော်ဟစ်လိုက်သည်၊ သူကား အမှန်တစ်ကယ် ဒေါသထွက်နေပြီ ဖြစ်သည်၊ ယူချင်းက သူ၏အသံကြားပြီး ရုတ်တရက် အသိဝင်လာပုံရသည်၊ သူ၏နီရဲသော မျက်လုံးများ ပြန်လည် ကြည်လင်လာကာ သူ၏ခန္ဒာကိုယ်မှ စွမ်းအင်များ တစ်ဖြည်းဖြည်း ပျယ်လွင့်သွားသည်၊ သူက ရီဖူရှင်းအား ပြန်ကြည့်လိုက်သည်။
သူ့အဖေက ပြောထားသည်မှာ မည်သူမဆို ရီဖူရှင်း၏ဂုဏ်သိက္ခာအား ထိခိုက်ရန် ကြိုးစားပါက သူက အစွမ်းကုန်ကြိုးစား၍ ကာကွယ်ရမည်ဖြစ်သည်၊ အကယ်၍ သူ၏အသက်အား ပေးဆပ်ရမည်ဆိုလျင်ပင် သူက အသေခံ၍ ရီဖူရှင်း၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးရမည်ဖြစ်သည်။
“ဟေး….ကောင်လေး….မင်းသိလား….ဒီကိစ္စကို ငါတို့ မေ့လိုက်လို့ရတယ်….ငါတို့မှန်တယ်ဆိုတာ အချိန်က သက်သေပြသွားလိမ့်မယ်…..” ရီဖူရှင်း၏အသံက ညှင်သာ၍ နုညံ့သွားသည်၊ မူလက ယူချင်းက ရီဖူရှင်းအား ဖျောင်းဖျခဲ့ခြင်းဖြစ်သော်လည်း ယခုမူကား ရီဖူရှင်းမှာ ယူချင်းစိတ်ပြောင်းအောင် အစွမ်းကုန်ကြိုးစားနေရရှာသည်၊ ယူချင်းအားကြည့်ရသည်မှာ ခေါင်းမာသည့်ပုံရနေသော်လည်း နောက်ဆုံးတွင် ရီဖူရှင်း၏ဘေးသို့ ပြန်လျှောက်လာသည်ကို တွေ့ရသည်၊ ထိုမြင်ကွင်းကား ကျောင်းတော်မှ ဆရာများ၏ ဒေါသများအား ပြေပျောက်စေကာ အခြေအနေအား ပြန်လည် တည်ငြိမ်သွားစေသည်။
သို့သော် သူတို့နှစ်ယောက်အားကြည့်နေသော ပရိတ်သတ်များ၏ မျက်လုံးများက သူတို့နှစ်ယောက်အပေါ် အမြင်တစ်မျိုးပြောင်းသွားစေသည်၊ ထိုကောင်လေးနှစ်ယောက်ကား ရှုပ်ထွေးသော ပတ်သက်မှုများ ရှိနေသလော၊ သူတို့က ဟွာဂျီယူအား ကြည့်လိုက်ကြသည်၊ အကယ်၍ သူမက ရီဖူရှင်းနှင့် ပတ်သက်ခဲ့လျင် သူတို့သုံးယောက်ကြား မည်သို့ဖြစ်လာမည်နည်း အချို့က တွေးတောနေကြသည်။
တာဝန်ခံက ရလဒ်များအား ဆက်လက်ကြေညာသည်၊ အားလုံးက အဆိုးဆုံးအခြေအနေအား ကြိုတွက်ထားပြီးဖြစ်သော်လည်း နောက်ဆုံးနာမည်အထိ ဂုဏ်ထူးစာရင်းတွင်ရီဖူရှင်း၏ နာမည် မပါလာသောအခါ ရီဖူရှင်းအတွက် စိတ်မကောင်း ဖြစ်မိကြသည်။
ယနေ့စာမေးပွဲ မတိုင်မှီ လူတိုင်းက ရီဖူရှင်းအား ရယ်မောနေခဲ့ကြသော်လည်း ဟွာဂျီယူ ကြောင့်မဟုတ်လျင် သူတို့က ရီဖူရှင်း အား သည်မျှလောက် မုန်းတီးခဲ့ကြမည် မဟုတ်ပေ၊ ဤသို့ဆိုလျင်ပင် ရီဖူရှင်း၏စွမ်းဆောင်ရည်အရ သူသည် ထိပ်ဆုံးသုံးနေရာတွင် ပါဝင်သင့်သည်ဟု သူတို့ တွေးကြသည်။
ဤသို့ဆိုလျင်ပင် သူတို့က ရီဖူရှင်းအား စာနာနားလည်သည်ဟု မဆိုနိုင်သေးပေ၊ ဟွာဂျီယူနှင့်ပတ်သက်၍ ထိုအရှက်မရှိသော ရီဖူရှင်းအပေါ် သူတို့၏မုန်းတီးမှုက သိသာထင်ရှားလှသည်။
ရီဖူရှင်းအား ကြည့်ရသည်မှ ရာသီကုန်စာမေးပွဲတွင် အဆင့်မချိတ်ခြင်း အတွက် မည်သို့မျှ ခံစားရပုံမပေါ်ပေ၊ သူကား အေးအေးဆေးဆေးပင် ရပ်နေသည်။
ပွဲကြည့်စင်ပေါ်မှ ချင်းကျူ မြို့၏ အရာရှိများကမူ ယူချင်း၏ကိုယ်မှ ထုတ်လွှတ်ခဲ့သော အနက်ရောင် စွမ်းအင်များနှင့်ပတ်သက်၍ ထင်မြင်ချက်ပေး ဆွေးနွေးနေကြဆဲဖြစ်သည်၊ ထိုအရာက မည်သည့်စွမ်းအင်ဖြစ်သည်ကို သူတို့ အဖြေရှာ မရပေ၊ ယခုစာမေးပွဲတွင် အပြစ်အနာအဆာ မရှိအောင် ထူးချွန်စွာ စွမ်းဆောင်သွားသော သည်ကောင်လေးမှာ အနာဂါတ်တွင် အကန့်အသတ်မဲ့စွာ တောက်ပလာမည်ဟု တွေးမိကြသည်၊ သူတို့က အနည်းဆုံး ယူချင်း၏စွမ်းဆောင်ရည် တစ်ခုတည်းကြောင့် ယနေ့ပွဲအား လာရောက်ကြည့်ရှုခြင်းမှ တန်သည်ဟု တွေးကြသည်။
နောက်ဆုံးတွင် လင်ရှန်းဖန် နှင့် ရှီဇောင်တို့က စာမေးပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကျေညာလိုက်သည်၊ ထို့နောက် ကျောင်းအုပ်များ နှင့်ဆရာများက ကျောင်းတော်အား အဓိက ထောက်ပံ့ကူညီသော ဗိုလ်ချုပ်ချင် နှင့် မြို့တော်ဝန် အား သွားရောက် နှုတ်ဆက်ကြသည်။ အသိမိတ်ဆွေများကလည်း အချင်းချင်း တွေ့ဆုံနှုတ်ဆက်ကာ ရယ်မောပြောဆိုနေကြသည်။
မူရွန်ချူ ကား ပြိုင်ပွဲ၏ ပထမနေရာကို ရသော်လည်း အပြည့်အဝ မပျော်နိုင်သေးပေ၊ သူက ရီဖူရှင်းအား မျက်နှာ မဲမှောင်လျက် ကြည့်နေသည်၊ ရီဖူရှင်းက သူ၏ပထမနေရာအား လူပုံအလယ်တွင် မေးခွန်းထုတ်ခြင်းဖြင့် သူက ပထမနေရာအား လူအများက သံသယ ဝင်စေသည်မဟုတ်ပါလား၊ ယခုလည်း အတော်များများက ယူချင်းက သူ့ထက် ပို၍တော်သည်ဟု ယုံကြည်နေကြလေပြီ၊ ပိုဆိုးသည်မှာ ဟွာဂျီယူ၏ အပြုအမူများနှင့်ပတ်သက်၍ သူပို၍ ဒေါသထွက်ရသည်၊ သူမက သူ့အား မည်သည့်အခါကမျှ စကားမပြောခဲ့ အဖက်မလုပ်ခဲ့သော်လည်း ရီဖူရှင်းကိုကား တစ်ချိန်လုံး ပြုံးပြနေလေသည်။
မူရွန်ချူ ကကောက်ကျစ်စွာ တစ်ချက်ပြုံးလိုက်သည်၊ ထို့နောက် ဖန်းရှင်းဇွီရှိရာ စင်မြင့်နားသို့ ချဉ်းကပ်သွားသည်၊ ဖန်းရှင်းဇွီလည်း ရီဖူရှင်းအား ကြည့်ကာ တစ်စုံတစ်ခုအား တွေးနေပုံရသည်၊ သူမ တစ်စုံတစ်ခုအား ဆုံးဖြတ်ရခက်နေပုံရကာ ချိတံ့ချိတုံ ဖြစ်နေသည်၊ထိုစဉ် မူရွန်ချူက သူမအနားသို့ ကပ်ကာ ပြောလိုက်သည်………
“သူအခုပဲ ဘာလုပ်လိုက်လဲ…..သူက ဆရာတွေရဲ့ အခွင့်အာဏာကို စော်ကားခဲ့တယ်မလား….”
ဖန်းရှင်းဇွီကား မူရွန်ချူ ပြောသည်ကို ကြားပုံမရပေ၊ သူမက ရီဖူရှင်းအား ကြည့်နေဆဲပင်၊ ရီဖူရှင်းကလည်း သူ့အား တစ်ယောက်ယောက်ကြည့်နေသည်ကို ခံစားမိကာ သူ၏မျက်လုံးက ဖန်ရှင်းဇွီထံသို့ ရောက်လာသည်၊ ရီဖူရှင်း၏ အကြည့်တွင် စိတ်ရှုပ်ထွေးမှု အနည်းငယ်တွေ့ရသော်လည်း ချက်ချင်းပျောက်ကွယ်သွားကာ သူက ဖန်းရှင်းဇွီအား ပြုံးပြလိုက်သည်၊ ထို့နောက် သူ၏အကြည့်အား လွှဲသွား၏။
သူ၏ အပြုံးတွင် အငြိုးအတေး တစ်စုံတစ်ရာမပါ၊ သူငယ်ချင်းများအကြား ပြုံးပြသော သာမာန်အပြုံးကဲ့သို့ပင် ရိုးရှင်းပြီး တည်ငြိမ်သည်၊ သို့သော် ဤသည်က သူမ၏စိတ်အား ပိုမိုဆိုးရွားစေသည်၊ အရင်ကမူ သူက သူမအား ပြုံးပြလျင် ထိုအပြုံးတွင် စနောက်သော ခံစားချက်များ ပါနေတတ်သည်၊ သို့သော် ယခုကား ထိုခံစားချက်များ မရှိတော့၊ နောက်ဆုံးတွင် သူမပြောခဲ့သော အဝေးတွင်နေရန်ဟူသော စကားမှာ အမှန်တစ်ကယ် ဖြစ်သွားပြီဟု သိလိုက်သည်၊ သူမ၏ မျက်လုံးများမှ မျက်ရည်များ ထိန်းချုပ်မရစွာ ကျလာသည်၊ အနီးမှ မူရွန်ချူ အားပင်လျင် ဂရုမစိုက်တော့ဘဲ သူမ၏ အဖေရှိရာနေရာသို့ ပြေးသွားလေ၏။
လူများ တစ်ဖြည်းဖြည်းနှင့် အစုလိုက် အစုလိုက် ပြိုင်ပွဲကွင်းမှ ထွက်ခွာနေကြသည်၊ သို့သော်လည်း ကျောင်းသားအတော်များများမှာကား ဟွာဂျီယူအား စောင့်ကြည့်နေကြဆဲဖစ်သည်၊ သူတို့ကြည့်နေစဉ်မှာပင် သူမက ရီဖူရှင်းနှင့်အတူတူမသွားဘဲ တစ်ယောက်တည်း ထွက်ခွာသွား၏၊ ထိုအခါမှသာလျင်အတော်များများက သက်ပြင်းချလျက် ထိုနေရာမှ တစ်ဖြည်းဖြည်း ထွက်သွားကြလေသည်၊ အနည်းဆုံး သူတို့တွင် အခွင့်အရေးအနည်းငယ် ရှိနေသေးသည် မဟုတ်ပါလား။
“ရီဖူရှင်း….” ရုတ်တရက် မိန်းကလေးတစ်ဦးက ရီဖူရှင်းရှေ့သို့ လာရပ်ကာ ဒေါသတစ်ကြီး ခေါ်လိုက်သည်၊ သူမက ဆက်၍……“နင် ဘယ်လောက်တောင် ခေါင်းမာတာလဲ…..မင်းက စာမေးပွဲရဲ့ ထိပ်ဆုံးသုံးယောက်စာရင်းဝင်ပြီး ကျောင်းတော်ရဲ့ တရားဝင် ကျောင်းသား ဖြစ်နိုင်ရဲ့သားနဲ့ အခု အားလုံးကို မင်းက ဖျက်ဆီးလိုက်တာပဲ…..”
မိမိရှေ့မှ ဒေါသထွက်နေသော သူမအားကြည့်ကာ ဖူရှင်းက ပြုံးလိုက်သည်……
“မိန်းကလေးချင်…..နင် ဒေါသထွက်နေတဲ့ အချိန် ပိုပြီးတောင် လှတယ်ဆိုတာ သိလား…..”
“ဘာ….နင်….” ချင်ယီ ခေတ္တာ မာန်သက်သွားသည်၊ သူကား အမှန်တစ်ကယ်ပင် ယူချင်းအတွက် ကျောင်းတော်၏ အကြီးအကဲများအား မေးခွန်းထုတ်ခဲ့သော ရဲဝံ့သော ရီဖူရှင်းလား သူမ က တွေးလိုက်သည်၊ ချက်ချင်း ထိုသို့ အရှက်မရှိသော ပုံစံအား လျင်မြန်စွာ မည်သို့ ပြောင်းသွားပြန်သနည်း။
“နင်က နိုးထခြင်းအဆင့်တစ်ပဲရှိတာ…..နိုးထခြင်းအဆင့် ခုနစ်ရောက်အောင် ဘယ်လို လုပ်လိုက်တာလဲ…..” သူမက နားမလည်စွာဖြင့် မေးလိုက်သည်။
“ငါတို့ လောင်းကြေးကို သတိရသေးလား….ဒါက ငါ့ကို စိတ်ခွန်အားတွေ အများကြီးပေးလို့ အဆင့်နိမ့်ရာက တစ်ခါတည်း အဆင့်မြင့်သွားတာ…..” သူက ချင်ယီအား ကြည့်ကာ ဆက်ပြောလိုက်သည်…….“နင် ငါတို့ လောင်းထားတာ သတိရသေးတယ်မလား….”
ချင်ယီက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လျက် ပြန်မေးလိုက်သည်……“ငါ ကတိပေးခဲ့လို့လား…..”
“အာ….” ရီဖူရှင်း က အတန်ကြာဘာပြောရမှန်းမသိဖြစ်သွားသည်၊ ပြီးမှ သူက……
“နင်ပြောတာက ငါစာမေးပွဲအောင်ရင် ဘာဖြစ်ဖြစ် လုပ်လို့ရတယ်ဆို ”
“တစ်ကယ်လား….ငါပြောခဲ့တာလား….ငါမမှတ်မိတော့ဘူး….” သူမက သံသယ ရှိသောပုံစံဖမ်းလိုက်သည်၊ ထို့နောက် အနားမှ ဖြတ်သွားသော ကျောင်းသားတစ်ယောက်အား မေးလိုက်သည်……
“ဟေး….ငါ ကတိပေးခဲ့လား...... ”
ထိုသူက ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားသည်၊ ပြီးမှ အခြေအနေအား ရိပ်စားမိကာ ပြန်ဖြေလိုက်၏…..
“ဟင့်အင်း….မပေးခဲ့ပါဘူး….”
ထိုသူက ရီဖူရှင်းအား ကြည့်ကာ ပြုံးလိုက်သည်၊ သည် အရှက်မရှိသော ကောင်ကား မိန်းကလေး ချင်အား စနောက်နေသည်ဖြစ်ရမည်၊ သူအတတ်နိုင်ဆုံး ကာကွယ်ရမည် ဟုတွေးလိုက်သည်။
“မင်း…..လိမ်တာ….” ရီဖူရှင်းက သူအကွက်ချ လုပ်ကြံခံရပြီဟု သိလိုက်သည်……သူက အော်ဟစ်လိုက်သည်…..
“ယူချင်း…..ဒီကိုလာခဲ့……”
ထိုကျောင်းသားကား ယူချင်း နာမည်အား ကြားသည်နှင့် ထိုနေရာတွင် မနေရဲတော့ဘဲ ထွက်ပြေးသွားသည်မှာ အရိပ်ပင် မမြင်ရတော့ပေ၊ သူကား စနောက်နေခြင်းသာလျင်ဖြစ်သည်၊ သည်ကောင်က အမှန်တစ်ကယ် ယူချင်းအားခေါ်လျက် သူ့အား ခြိမ်းခြောက်၏။
ရီဖူရှင်း အားကြည့်ရသည်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်၊ သူက ထပ်မေးလိုက်သည်…..
“မိန်းကလေး ချင်…..မင်း ဒီလို လုပ်လို့မရဘူး…..တစ်ကယ် မမှတ်မိတာလား….”
“အင်း ငါက မင်းဘာပြောနေလဲကို နားမလည်တာ…..” သူမက အံ့အားသင့်စွာပင် အရှက်မဲ့ခြင်းသည်လည်း ပျော်စရာကောင်းသည်ဟု တွေးကာ နှိုက်ခြိုက်စွာပြုံးလိုက်၏။
No comments:
Post a Comment