Tuesday, June 19, 2018

ဒဏ္ဍာရီထဲက ဖူရှင်း(၁၀)

ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၁၀)
---------
                 ဖန်းရှင်းဇွီ က ဂုဏ်ထူးစာရင်း အဆင့်သုံးတွင် မပါဝင်သောကြောင့် အလွန် စိတ်လှုပ်ရှားနေသည်၊သူမက စာမေးပွဲ အောင်သည်မှာ သေချာသည်၊ ထိုသို့ဆိုလျင် သူမ၏ အဆင့်မှာ ဂုဏ်ထူးစာရင်း အဆင့်နှစ်တွင် ပါဝင်နေသည်မှာ သေချာလှသည်၊ သူမက ရေးဖြေစာမေးပွဲတွင် အဆင့်ကောင်းကောင်းရပါက သူမ၏ ရည်ရွယ်ချက် အောင်မြင်သည်ဟု ဆိုရပေမည်။
                     “ဖန်းရှင်းဇွီ...... ” နောက်ဆုံးတွင် ဂုဏ်ထူးဝင်စာရင်း အဆင့်နှစ်အား ကြေညာရာ သူမ၏ နာမည်ကား ရှေ့ဆုံးမှ ပါဝင်လာသည်၊ သူမက တောက်ပစွာ ပြုံးလိုက်သည်၊ ထို့နောက် စာရင်းတွင် ပါဝင်သော လူသုံးဆယ့်ခြောက်ယောက် နာမည်အား ဆက်လက် ကြေညာ၏၊
                “ယူချင်း…..” တစ်ယောက်ပြီး တစ်ယောက် ဆက်၍ ကြေညာသွားသည်၊ ဤစာရင်း၌ ပါဝင်သူများမှာ ပြင်ပကျောင်းသားများထဲမှ တစ်ကယ် ထူးချွန်သူများဖြစ်သည်၊
               “မူရွန်ချူ …” နောက်ဆုံးတွင် မူရွန်ချူ၏ နာမည်ကို ခေါ်ပြီး ကြေညာသူက စင်အောက်ကို ဆင်းသွားသည်၊ ဖူရွန်ချူ ၏ မျက်နှာ ပြာနှမ်းသွားသည်၊ သူကား အလွန်စိတ်ပျက်သွားပုံရသည်။
                ဂုဏ်ထူးစာရင်း အဆင့်နှစ်တွင် ပါဝင်နိုင်ခြင်းမှာ သာမာန် လူများအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သော်လည်း မူရွန်ချူ  အတွက်ကား ကွာခြားသည်၊ သူ့အတွက်ကား ယခု အဆင့်မှာ ကျရှုံးခြင်းနှင့်မခြားပေ။
                နောက်ဆုံးအကြိမ် စာမေးပွဲတွင် သူက ဂုဏ်ထူးစာရင်း အဆင့်တစ် တတိယ နေရာ ရခဲ့ပြီး ယခုမူကား ဂုဏ်ထူးစာရင်း အဆင့်တစ်ထဲကိုပင် မဝင်ခဲ့ပေ၊ သူကား မူလက ဟွာဂျီယူ၏ ပထမ နေရာအား စိန်ခေါ်ခဲ့သော်လည်း ယခုမူကား ထပ်မံ၍ ကျရှုံးခဲ့ပြန်သည်၊ ပွဲကြည့်စင်တွင်ကား မူရွန် မိသားစုဝင်များ၏ မျက်နှာများမှာ မဲမှောင်နေကြ၏။
                “မူရွန်ချူ က ဂုဏ်ထူးစာရင်း အဆင့် နှစ်မှာပဲပါတယ်…..အဆင့်တစ်စာရင်း ထဲတောင် မဝင်ဘူး….” မူရွန်မိသားစုဝင်များက ရေရွက်လိုက်သည်၊ သူတို့ပြောသည်မှာ မှန်သည်၊ ရေးဖြေစာမေးပွဲ၏ အတော်ဆုံးသုံးယောက်သာလျင် ဂုဏ်ထူးစာရင်း အဆင့်တစ်တွင် ပါဝင်နိုင်ပေသည်။
                 တစ်ခြားလူများကလည်း မိမိထင်မြင်ချက်များပေးကာ ဆွေးနွေးနေကြ၏၊ ဂုဏ်ထူးစာရင်းအဆင့်တစ်တွင် အတော်ဆုံးလူများသာရှိရမည်ဖြစ်သည်၊ လူအများက သိထားကြသည်မှာ ပြင်ပကျောင်းသားများထဲတွင် ထိုစာရင်းတွင် ပါနိုင်ခြေ ရှိသူများမှာ ဟွာဂျီယူ ၊ ယန်ဇူ နှင့် မူရွန်ချူ တို့ဖြစ်ကြသည်၊ ယခုမူကား မူရွန်ချူအား ကျော်ဖြတ်ကာ ထိုစာရင်းထဲ ဝင်သွားသူ မည်သူဖြစ်မည်ကို အားလုံးက သိလိုနေကြသည်။
                ထိုသူကား အလွန်လျှို့ဝှက်သည်ဟု ဆိုရပေမည်၊ အဘယ်ကြောင့်ဆိုသော် ပြင်ပကျောင်းသားများရှိ အတော်ဆုံးကျောင်းသားများအားလုံးမှာ ဂုဏ်ထူးစာရင်း အဆင့် နှစ်နှင့် သုံးတွင် ပါဝင်သွားပြီးပြီ မဟုတ်ပါလား။ သူတို့မည်မျှပင် တွေးတောသော်လည်း မည်သူဖြစ်နိုင်သည်ကို ခန့်မှန်းမရကြပေ။
              “ကြည့်ရတာတော့ ငါတို့ကြားထဲမှာ မြင်းနက်[မြင်းနက်ဟူသော အသုံးမှာ တရုတ်စကားပုံတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ထူးချွန်သော်လည်း ကျော်ကြားခြင်းမရှိသောသူကို ရည်ညွှန်းလေ့ရှိကြသည်] တစ်ကောင် ရှိနေပြီပဲ….ဘယ်သူများလဲ….” လူအများက ပတ်ဝန်းကျင်အား ဝေ့ကြည့်ကာ ဖြစ်နိုင်ဖွယ်လူအား ရှာဖွေကြသည်။
                လင်းရှာကား ထိုအကြောင်းအရာများနှင့် မည်သို့မျှ မသက်ဆိုင်သလို တည်ငြိမ်လှသည်၊ သူက ရီဖူရှင်းအားကြည့်ကာ စာမေးပွဲရလဒ်များ ကြေညာပြီးပါက သူ့အား မည်သို့ သရော်ရမည်ကို တွေးနေ၏၊
                 စင်ပေါ်တွင်ကား ကျောင်းတော်၏ ထင်ရှားသော ပညာရှင်များက ပြီးခဲ့သော စာမေးပွဲရလဒ်များနှင့်ပတ်သက်၍ ငြင်းခုံနေကြသည်၊ ယန်ဇူ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်၊ သူကား ဟွာဂျီယူ အား ကျော်ဖြတ်နိုင်မည်လား မသေချာပေ၊ ယခုစာမေးပွဲပြီးပါက ဂမ္ဘီရ ကျောင်းဆောင်အား ဝင်ကာ ကျောင်းတော်၏ တရားဝင်ကျောင်းသားအဖြစ် လက်ခံတော့မည်ဟု ကတိပေးထားပြီးဖြစ်သည်၊ ထို့ကြောင့် ယခုစာမေးပွဲသည် ဟွာဂျီယူ အား ကျော်ဖြတ်လျက် ပထမ ရယူရန် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။
                  နောက်ဆုံးတွင် စာမေးပွဲကြီးကြပ်သူများထဲမှ တစ်ယောက်က စာလိပ်တစ်လိပ်အား ကိုင်ကာ စင်ပေါ်သို့ တက်လာလေသည်၊ စင်ပေါ်သို့ရောက်သည်နှင့် စာလိပ်အား ဖြန့်ကာ  ဂုဏ်ထူးစာရင်း အဆင့်တစ်မှ လူသုံးယောက်နာမည်အား စတင်ကြေညာလေသည်။
               “ယန်ဇူ…..ရာသီကုန် စစ်ဆေးခြင်းစာမေးပွဲ…ဂုဏ်ထူးစာရင်း အဆင့်တစ်…တတိယ….” ကြေညာသူက ပထမဦးဆုံး နာမည်အား အော်လိုက်၏၊ လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်၊
                 “ယန်ဇူက တတိယ နေရာပဲ ရတယ်….ဟုတ်လား….” စကားသံတစ်ချို့ လူအုပ်ထဲမှ ထွက်လာသည်၊
                  စာမေးပွဲတိုင်းတွင် ဟွာဂျီယူ၏ နောက် ဒုတိယနေရာတွင် အမြဲရသော ယန်ဇူကား ယခုတစ်ကြိမ် တတိယ နေရာသို့ရောက်သွားသည်၊ လူတိုင်းက ပို၍ အံ့သြသင့်သွားကြသည်။
                 “မဖြစ်နိုင်ဘူး…..” ယန်ဇူကား ဘာပြောရမှန်းမသိတော့……သူတစ်ကယ်မျှော်လင့်ထားသည်က တတိယနေရာ မဟုတ်ပေ၊ သူ၏ မျက်နှာတွင် စိတ်ဓာတ်ကျ၍ အနည်းငယ် အိုစာသွားပုံရသည်၊ သူကား ယခုတစ်ကြိမ် ဟွာဂျီယူအား ကျော်ဖြတ်ရန် စိတ်မှ အားခဲထားသည်မဟုတ်ပါလား၊ ယခုကား ပိုမိုဆိုးရွားစွာပင် တတိယ နေရာသို့ ရောက်သွား၏၊
                 လူတိုင်းက ထပ်မံခေါ်မည့်နာမည်အား နားစွင့်နေကြသည်၊ မည်သူက ယန်ဇူအား တတိယနေရာသို့ ပို့နိုင်လောက်အောင် ထက်မြတ်သနည်း၊ သူတို့က ကြေညာသူထံသို့ ပိုမို၍ အာရုံစိုက်နေကြသည်။
                “ဟွာဂျီယူ……ဒုတိယ…..” နောက်ထပ် နာမည် တစ်ခု ခေါ်သံထွက်လာသည်၊ တစ်ကွင်းလုံးရှိလူများက ထိုအသံကိုကြားပြီးသည်နှင့် အုပ်အော်သောင်းနန်း ဆူညံသံများ ထွက်လာသည်၊
                “ဟွာဂျီယူက သုံးနှစ်ဆက်တိုက် ပထမ ရလာတာမလား…..ဒါ…ဘယ်လိုဖြစ်တာလဲ….”
                 “ဒါဆို ပထမက ဘယ်သူလဲ…..”
                 “ဒါမဖြစ်နိုင်ဘူး…..ဟွာဂျီယူကို ကျော်ပြီး ဘယ်သူက ပထမရအောင် စွမ်းဆောင်နိုင်တာလဲ…..”
                ပို၍ ထူးဆန်းသည်ကား ဟွာဂျီယူအား ကျော်ဖြတ်၍ ပထမ ရသွားသောသူကား ယန်ဇူလည်း မဟုတ်သလို မူရွန်ချူ  လည်း မဟုတ်ပေ၊ သူတို့အားလုံး၏ အတွေးထဲတွင် တူညီသော မေးခွန်း တစ်ခုသာလျင်ရှိကြ၏၊ ထိုမေးခွန်းကား ပထမရသည်မှာ ဘယ်သူနည်း။
                 ဟွာဂျီယူလည်း အနည်းငယ် အံ့အားသင့်သွားပုံရသည်၊ သူမက မရည်ရွယ်ဘဲ ဘေးမှ ရီဖူရှင်းအား စောင်းငဲ့ကြည့်လိုက်သည်၊ ထို့နောက် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလာရသည်။
                အခြေအနေကား အထွပ်အထိပ်ကို ရောက်နေပြီဖြစ်သည်၊ လူတိုင်းက ပထမရသောသူ မည်သူဖြစ်မည်ကို သိလိုနေကြသည်။
                 ယူချင်းက လက်နှစ်ဘက်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်၊ သူလုပ်နိုင်ပြီဟု သူတွေးလိုက်သည်…..သူအလွန်စိတ်လှုပ်ရှားနေလေပြီ၊ ခဏ အကြာတွင် မည်သို့ဖြစ်မည်ကို သူတစ်ယောက်သာလျင် သိပေသည်။
                စာမေးပွဲကြီးကြပ်သူက သူ၏ ရှေ့မှ ကျောင်းသားများအား ဝေ့ကြည့်လိုက်သည်၊ နောက်ဆုံးတွင် သူ၏ အကြည့်က လူငယ် တစ်ယောက်ထံတွင် ရပ်တန့်သွားသည်၊  သူလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်၊ သုံးနှစ်လုံးလုံး လူတိုင်းက သရော်နေသော၊ အသုံးမကျဟု သတ်မှတ်ထားသော သူက ပထမ နေရာကို ရသည်ကို သူကိုယ်တိုင် မယုံကြည်နိုင်သေးပေ၊ သို့သော် မည်သို့ပင်ဆိုစေ မိမိမျက်စိရှေ့မှ နာမည်အား ဖတ်ပြရမည်၊သူ အသက်ဝအောင် ရှူလိုက်သည်၊ ထို့နောက် သူ၏ ရှေ့မှ ကျောင်းသားများအား ကြည့်ကာ အော်လိုက်သည်…….
                “ယခုနှစ် ရာသီကုန် စစ်ဆေးခြင်း ရေးဖြေ စာမေးပွဲ ပထမနေရာကို ရတဲ့သူရဲ့ နာမည်က……..” သူက အနည်းငယ် ရပ်တန့်လိုက်သည်၊ ထို့နောက်….
                 “ရီ…..ဖူ……ရှင်း….”
                 တစ်ခဏချင်းတွင်ပင် တစ်ခန်းလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
                 လူတိုင်း၏ မျက်နှာတွင် မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်၊သူတို့က ဖြစ်နိုင်ဖွယ်ရှိသော သူများအားလုံးအား တွေးကြည့်ကြသော်လည်း ရီဖူရှင်း ဟူ၍ မည်သူမှ မထင်ထားကြပေ၊ ရီဖူရှင်းကား ကျောင်းတော်၏ စာမေးပွဲများအား ဝင်မပြိုင်သည်မှာ သုံးနှစ်ရှိပြီဖြစ်သည့်အပြင် နိုးထခြင်း အဆင့်တစ်တွင် ရပ်တန့်နေသော အမှိုက်မဟုတ်ပါလား၊ထိုသူက ရာသီကုန်စာမေးပွဲ၏ ရေးဖြေ ပထမ နေရာကို ရသည်တဲ့လား။
                သို့သော် စာမေးပွဲကြီးကြပ်သူများက မှားယွင်းစရာ အကြောင်းမရှိပေ။
               “ရီဖူရှင်းက ရေးဖြေစာမေးပွဲ ပထမ ဟုတ်လား….တစ်ယောက်ယောက် ငါ့ကို ပြောစမ်းပါဦး….ငါ အိပ်မက်များ မက်နေတာလား……”  တစ်ချို့က သူတို့က နားကြားမှားသည်လား သံသယဝင်ကြသည်၊
                      “ရီဖူရှင်း…ဟုတ်လား…”   ချင်ယီက ဖူရှင်း၏ နာမည်အား တိုးတိုးလေး ရွက်လိုက်၏၊ သူမက စိတ်လှုပ်ရှား၍ ဘာပြောရမည် မသိတော့၊ မည်သူကမှ သူ့အား ပထမရမည်ဟု မယုံကြည်ကြပေ၊ မူလက သူ၏ နာမည်က အောင်မြင်သူများ စာရင်းတွင် မပါဝင်၍ လက်လျော့လိုက်ပြီးဖြစ်သောကြောင့် ယခု စာမေးပွဲ၏ ပထမနေရာတွင် ဖူရှင်း၏ နာမည်အား ကြားလိုက်ရသည်က သူမအား အေးခဲသွားစေသည်၊ သို့သော် အတန်ကြာသော အခါ သူမ၏ မျက်နှာက ပြုံးလာသည်၊
                 “ခွေးကောင်….ဘယ်လိုလုပ် သူက ပထမ ရသွားတာလဲ….” သူမက အဝေးမှ ဖူရှင်းအား ပြုံးလျက်ကြည့်ကာ စိတ်ထဲမှ ဆဲရဲ လိုက်သည်၊
                လင်းရှာ၏ မျက်နှာက မယုံကြည်နိုင်မှု၊ မုန်းတီးမှုများဖြင့် နက်မှောင်နေသည်၊ သူကား မူလကပင် ဖူရှင်းမှာ စာမေးပွဲပီးလျင် ကျောင်းထုတ်ခံရတော့မည်ဟု တွေးထားသူဖြစ်သည်၊ စာမေးပွဲရလဒ် ကြေညာပြီးသည်နှင့် သရော်သော၊ အရှက်ခွဲသော စကားများ ကြိုတင်စဉ်းစားပြီးဖြစ်သော်လည်း ယခုမူ ဘာစကားမှမပြောနိုင်တော့ပေ။
 ဖန်းရှင်းဇွီကား ဘာမှမပြောနိုင်အောင်ပင် တွေဝေမိန်းမောနေလေသည်၊ သူမ၏ မျက်လုံးများက ရလဒ်ကြေညာသူထံမှ ဖူရှင်းထိုင်နေရာထံသို့ ဖြည်းညှင်းစွာ ရွှေ့လျားသွားသည်။
 ရီဖူရှင်းကား သူ၏နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်၊ သူ၏မျက်နှာပေါ်မှ အပြုံးကား ပုံမှန်အတိုင်းပင် တည်ငြိမ်ဆဲ၊ တောက်ပဆဲပင်။ သူ့ပုံစံကြည့်ရသည်မှာ ပထမနေရာက အမှန်တစ်ကယ် သူနှင့်ထိုက်တန်၍ ရခြင်းဟု ယုံကြည်နေသည့်ပုံဖြစ်သည်၊ ယခုရလဒ်မှာလည်း သူမျှော်လင့်ထားသည့် ရလဒ်ဖြစ်သည့်အလျောက် ထူးခြားသည့်ပုံစံ သူ့ထံတွင် မတွေ့ရပေ။
 လွန်ခဲ့သော သုံးနှစ်ကာလလုံး မည်သည့်စာမေးပွဲမှ ဝင်မဖြေခဲ့ခြင်းက ယခု ဖူရှင်း၏ အောင်မြင်မှုအား ပိုမို ထင်ရှားစေသည် ဟုဆိုရပေမည်။
 ဟွာဂျီယူက ဖူရှင်း၏ဘေးတွင် ထိုင်နေ၏၊ သူမက သူမ၏လှပဝိုင်းစက်သော မျက်လုံးများဖြင့် ဖူရှင်းအား အကဲခတ်လိုက်သည်၊ သူကား သူမ၏စံချိန်ကို ချိုးဖျက်ခဲ့ပြီ၊ သို့သော် သူမက စိတ်ပျက်သော ခံစားချက်တစ်စုံတစ်ရာ မခံစားရပေ၊ ထိုအရာကား မူရွန်ချူနှင့် ယန်ဇူတို့ ကဲ့သို့သို့ မချိတင်ကဲ ခံစားချက်မျိုးမဟုတ်ပေ၊ ၄င်းအစား အံ့အားသင့်သောစိတ်၊ စူးစမ်းလိုစိတ်များသာလျင် သူမ၏စိတ်ထဲတွင်ရှိပေသည်။
 သူမ၏အဖေက ရီဖူရှင်းမှာ သူမကဲ့သို့သော ပါရမီပါသောသူဟု ပြောခဲ့သည်၊ ပထမတွင် သူမက လက်ခံရန်ငြင်းပယ်ခဲ့သည်၊ အမှန်တစ်ကယ်တွင်လည်း သူမက ယခု ရာသီကုန်စာမေးပွဲအား စောင့်မျော်နေသူဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယခုစာမေးပွဲတွင် ရီဖူရှင်းက ယခင်လို သူ၏စွမ်းရည်များအား လျို့ ဝှက်၍ မရနိုင်တော့သည်မှာ သေချာပေသည်၊ သူမက သူမ၏အဖေက အဘယ်ကြောင့် သူ၏စည်းမျဉ်းအားသွယ်ဖယ်၍ ရီဖူရှင်းအား တပည့်အနေဖြင့် လက်ခံခဲ့ရသနည်း ဆိုသည်ကို အလွန်သိချင်နေ၏၊ ထို့ကြောင့် သူမ၏စိတ်အား ကြိုတင်ပြင်ဆင်ထားသော်လည်း တစ်ကယ်တမ်း သူမအား ကျော်ဖြတ်လျက် ပထမနေရာအား ရယူသွားသည်ကို အနည်းငယ် အံ့အားသင့်ရသည်။
      “ တစ်ခုခု မှားနေတာ ဖြစ်ရမယ်....” ရုတ်တရက်ပင် ကျောင်းသားများထဲမှ တစ်ယောက်က ထအော်လိုက်သည်၊ အားလုံးသူ၏မျက်လုံးများက အသံလာရာနေရာသို့ ရောက်သွားကြသည်၊ ထိုသူကား ရီဖူရှင်း၏ ရှေ့တွင်မတ်တပ်ရပ်နေသော ယန်ဇူ ဖြစ်သည်။
 မူလကတည်းက တတိယနေရာကိုသာလျင် ရခြင်းက သူ့အား စိတ်ပျက်စေပြီးဖြစ်သည်၊ သို့သော် ပို၍ အရှက်ရစေသည်က ရီဖူရှင်းဖြစ်သည်၊ စာမေးပွဲရလဒ်မကြေညာခင် အခိုက်အတန့်မှာပင်လျင် သူက လူအများကြားအောင် ရီဖူရှင်းအား သေရော်သော အရှက်ခွဲသော စကားများ ပြောပြီးဖြစ်သည်၊ ယခုမူကား ရီဖူရှင်းက ပထမ နေရာ ရကာ သူက တတိယနေရာကို သာလျင် ရခြင်းက သူ့အား ပိုမိုအရှက်ရစေလေသည်။ သူကား မိမိကိုယ်ကို အရူးဖြစ်အောင် လုပ်နေသကဲ့သို့ပင်။
 “ယန်ဇူ....ဘာပြသနာရှိလို့လဲ...” စာမေးပွဲ ကြီးကြပ်သူက မေးလိုက်သည်။
 ယန်ဇူက အနည်းငယ် ရပ်တန့်လိုက်၏၊ ထို့နောက် ရီဖူရှင်းအား မျက်မှောင်ကုပ်လျက် တစ်ချက်ကြည့်လိုက်သည်
 “  ရီဖူရှင်းက ဟွဂျီယူရဲ့ ဘေးမှာထိုင်တာ....သူက ဟွာဂျီယူဆီက ခိုးကူးတာ ဖြစ်ရမယ်....”
 “  ဟုတ်တယ်...ခိုးကူးတာ....ခိုးကူးတာပဲဖြစ်ရမယ်....” လင်းရှာကလည်း ထပ်ပြောသည်၊ တစ်ခြားလူများကလည်း ထိုအဆိုအား သဘောတူပုံရသည်၊ လူတိုင်းက ခေါင်းညှိတ်ထောက်ခံကြသည်။
 “  ဘာပြောတယ်....ငါတို့ကို ဘယ်သူတွေလို့ မင်းတို့က ထင်နေတာလဲ...”
 ”  ကြီးကြပ်ရေးမှုးတွေလား....မျက်ကန်းအဘိုးကြီးတွေလား....ဘယ်သူတွေလို့ထင်လဲ....” ဤသည်ကား သူတို့၏မျက်နှာကို ရေအေးဖြင့် အပက်ခံရသကဲ့သို့ ဖြစ်သည်၊ အဖြေလွှာများအား အဆင့်မစီမှီကပင် စာမေးပွဲကြီးကြပ်သူများ၏ အဆင့်ဆင့်သော စစ်ဆေးမှုများအား ကျော်ဖြတ်ပြီးမှသာလျင် နောက်ဆုံးတွင် ယခုရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။ မည်သူက ခိုးကူးသော အဖြေလွှာအား သတိမထားပဲ နေမည်နည်း။
 ရီဖူရှင်းကား စာရေးစားပွဲအား လက်ညှိးဖြင့် အသာအယာခေါက်ကာ ကစားနေ၏၊ သူ့အားကြည့်ရသည်မှာ အလွန်အေးဆေးလှသည်၊ သူက တိတ်တဆိတ်နေခြင်းကပင်လျင် သူတို့၏ သံသယများ မကြာခင် ပျယ်လွင့်သွားမည်ကို သိနေသည်။
 “ ခင်ဗျားတို့အားလုံးက ဂုဏ်ထူးဆောင်ပညာရှင်တွေဆိုတာ သိပါတယ်...ဒါပေမယ့် လူတိုင်းက အမြင်ကွဲပြားတယ်မဟုတ်လား...ကျွှန်တော်က တတိယ ရပြီး...ရီဖူရှင်းက ပထမရတာ...လက်မခံနိုင်ပါဘူး....” ယန်ဇူကား လုံးဝ စိတ်လှုပ်ရှားနေလေပြီ၊ သူကား ရီဖူရှင်း၏ ပထမနေရာအား တမင်ပင် ဖျက်ဆီးရန်ကြိုးစားနေလေပြီ။
 စာမေးပွကြီးကြပ်သူက ယန်ဇူအား စိတ်ပျက်စွာ ကြည့်လိုက်၏၊ ကြည့်ရသည်မှာ သည်ကျောင်းသားကား အရှုံးအား လက်ခံနိုင်သော သည်းခံမှုမျိုးရှိပုံမရပေ၊ အရှုံးအား လက်ခံနိုင်စွမ်းမရှိပဲ မည်မျှပင် ပါရမီကောင်းနေပါစေ ယန်ဇူကား အနာဂါတ်တွင် ကြီးမားသော အောင်မြင်မှုကို မည်သို့မျှ ရနိုင်မည်မဟုတ်ပေ။
 ရီဖူရှင်းက ယန်ဇူအား ကြည့်လိုက်သည်၊ယန်ဇူကား သူကိုယ်တိုင်အား အရှက်ရစေနိုင်သည်ကို မသိဘဲ ခေါင်းမာလွန်းလှသည်၊
 အားလုံး၏မျက်လုံးများက ရီဖူရှင်းနှင့် ယန်ဇူတို့ထံတွင် ရှိနေကြသည်၊ ချင်းကျူကျောင်းတော်၏ တစ်ခြား ကြီးကြပ်သူတစ်ယောက်က စင်ပေါ်သို့တက်လာကာ ယန်ဇူအား မေးလိုက်သည်.....
 “ ဒါဆို မင်းက ကိုယ့်ဘာသာ ပထမ ပေးချင်တာလား....”
 “ ကျွှန်တော်က ဒီလို အတွေးမျိုး မတွေးရဲပါဘူး....” ယန်ဇူက ခေါင်းခါလိုက်သည်၊သူကဆက်၍.....
 “ ကျွှန်တော်က ရီဖူရှင်းက ဘယ်နေရာက ကျွှန်တော့ထက်ပိုသာနေတာလဲ သိချင်ယုံပါ...ကျွှန်တော်က ဘာလိုနေတာလဲ သိချင်တာ...”
 ခုနက မေးခွန်းမေးသော စာမေးပွဲကြီးကြပ်သူက အတန်ကြာတိတ်ဆိတ်သွားသည်၊ ထို့နောက် သူက ဆက်၍....
 “ ကောင်းပြီလေ...မင်းက သံသယဖြစ်နေတယ်ဆိုမှတော့ ဘာကြောင့်လဲဆိုတာ မင်းသဘောပေါက်အောင် ငါတို့လုပ်ပေးမယ်...”
 ကျောင်းသားများနှင့် ပရိတ်သတ်များအားလုံးက အခြေအနေအား စိတ်ဝင်တစား စောင့်ကြည့်နေကြ၏၊ သူတို့အားလုံးကလည်း ယန်ဇူအား ကျော်ဖြတ်နိုင်သော မည်သည့် အဖြေမျိုး ရီဖူရှင်းက ဖြေကြားခဲ့သည်ကို သိလိုနေကြသည်။
 “ ပထမမေးခွန်းက မြင်းစစ်သည်နဲ့ မှော်ဆရာ တိုက်ပွဲဖြစ်လျင် မှော်ဆရာရဲ့ သဘာဝစွမ်းအင် ကုန်ဆုံးသွားပါက သင်က မြင်းစစ်သည်ဆိုလျင်ဘာလုပ်မည်နည်း၊ အကယ်၍ သင်က မှော်ဆရာဆိုလျင် ဘာလုပ်မည်နည်း....ဒီမေးခွန်းကို ယန်ဇူ...မင်းဘယ်လို ဖြေမလဲ....”
 ယန်ဇူ၏မျက်ခုံးများ မြင့်တက်သွားသည်၊ သူက ယုံကြည်မှုရှိစွာ ဖြေလိုက်သည်....
 “ တစ်ကယ်လို့ ကျွှန်တော်က မြင်းစစ်သည်ဆိုရင် မှော်ဆရာရဲ့ သဘာဝစွမ်းအင် အားလုံးကုန်သွားတဲ့ အထိ အဆက်မပြတ်တိုက်ခိုက်မှာပဲ....တစ်ကယ်လို့ ကျွှန်တော်က မှော်ဆရာဆိုလျက် ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာပြီး အခွင့်အရေးရတာနဲ့ တစ်ပြိုင်နက် အားကုန်သုံးပြီး တိုက်မှာပဲ....”
 လူတိုင်းက ခေါင်းညှိတ်လိုက်ကြသည်၊ သူတို့အားလုံးက ယန်ဇူ၏အဖြေမှာ လျော်ကုန်သည်ဟု တွေးကြသည်၊ လူတိုင်းက သူဖြေသကဲ့သို့ ဖြေကြမည်ဖြစ်သည်၊ ဤသို့ဆိုလျင် သူမည်သည့်နေရာတွင် မှားနေသနည်း။ ဤမေးခွန်းကား အရေးပေါ်အခြေအနေတွင် ကျောင်းသားများက မည်သို့ဖြေရှင်းမည်ကို မေးသော မေးခွန်းဖြစ်သည်၊ သူတို့၏အတွေးတွင် ယန်ဇူ၏အဖြေကား မဆိုးလှပေ၊ ရီဖူရှင်းဆိုလျင် မည်သို့ ဖြေမည်နည်း။
 စာမေးပွဲကြီးကြပ်သူလူကြီးက တစ်ဖန် ရီဖူရှင်း ဖက်သို့ လှည့်ကာ မေးလိုက်သည်။
 “ ရီဖူရှင်း…မင်းဆိုရင် ဘယ်လိုလုပ်မလဲ….”
 “ ကျွှန်တော်က မြင်းစစ်သည်ဆိုရင် ပြိုင်ဘက်ကို အားပြန်ပြည့်အောင် အခွင့်အရေးပေးမှာမဟုတ်ဘူး…သူရှုံးတဲ့အထိ အဆက်မပြတ်တိုက်ခိုက်မှာပဲ….တစ်ကယ်လို့ မှော်ဆရာရဲ့နေရာမှာဆိုရင်တော့ ကျွှန်တော်က လေဓါတ်စွမ်းအင် မှော်ဆရာဆိုရင် ကျွှန်တော်ကတော့ ပြေးမှာပဲ…တစ်ကယ်လို့ တစ်ခြားဓါတ်စွမ်းအင် မှော်ဆရာဆိုရင် ကျွှန်တော်က စွမ်းအင်အားလုံးကုန်သွားသလို ဟန်ဆောင်မှာပဲ…တစ်ကယ်လို့ လိုအပ်ရင် ပြိုင်ဘက်ရဲ့ ရိုက်ချက်တစ်ချို့ကို ခံသင့်ရင် ခံရမှာပဲ ပြီးမှ မြင်းစစ်သည်က ပြင်ဆင်မှုသိပ်မရှိတော့တဲ့အချိန်မှာ ကျွှန်တော့ရဲ့ လက်ကျန်စွမ်းအင်နဲ့ တိုက်ခိုက်မယ်….”
 ” မင်းဘာကြောင့် ဒီနည်းကို သုံးတာလဲ…” စာမေးပွဲကြီးကြပ်သူက မေးသည်။
 ”နှစ်ယောက်တိုက်ခိုက်တဲ့အချိန်မှာ တစ်ကယ်လို့ မြင်းစစ်သည်က မှော်ဆရာရဲ့စွမ်းအင်ကုန်ဆုံးအောင် လုပ်နိုင်တယ်ဆိုရင် သေချာတာက မြင်းစစ်သည်ရဲ့ အခြေခံက ပိုပြီး ကောင်းမွန်လို့ပဲ….အဆက်မပြတ်တိုက်ခိုက်တဲ့အခါ အမှားလုပ်နိုင်တဲ့လူက မှော်ဆရာပဲ ဖြစ်မှာပဲ…ယန်ဇူ ဖြေတဲ့ အဖြေရဲ့ အားနည်းချက်က မှော်ဆရာက မြင်းစစ်သည်ရဲ့ အားနည်းချက်ကို ရှာနိုင်တယ်ဆိုရင် အစကတည်းက ရှာပြီးသားဖြစ်နေမှာပေါ့….တစ်ကယ်လို့ သူက ပြိုင်ဘက်ကို လှည့်စားမယ်ဆိုရင်တော့ တစ်ခုခုတော့ ပေးဆပ်ရမှာပဲ….” ရီဖူရှင်းက ဖြည်းညှင်းစွာ ရှင်းပြသည်၊ ထိုအဖြေကိုကြားပြီးနောက် ယန်ဇူ၏ မျက်နှာက ပြာနှမ်းသွားသည်။
 စင်ပေါ်တွင်ရှိသော လူတိုင်းက ဖူရှင်း၏အဖြေအား ထောက်ခံဟန်ဖြင့် ခေါင်းညှိတ်ကြသည်၊ နှိုင်းယှဉ်လိုက်လျင် သူတို့နှစ်ဦး၏ အဖြေကား အလွန်ကွာခြားလေသည်။
 စာမေးပွဲကြီးကြပ်သူက ခေါင်းညှိတ်လိုက်သည်၊ ထို့နောက် ယန်ဇူအား တစ်ဖန်ကြည့်လိုက်သည်….
 “ နောက်ဆုံးမေးခွန်း….သိုင်းပညာရှင်အဖွဲ့နဲ့ မှော်ပညာရှင်အဖွဲ့ တိုက်ခိုက်တဲ့အခါ ဘယ်အဖွဲ့က နိုင်မလဲ….”
 ယန်ဇူအနည်းငယ် စဉ်းစားလိုက်သည်…..
 “တစ်ကယ်လို့ အုပ်စုနှစ်ခုလုံးက နိုးထခြင်းအဆင့် အနိမ့်မှာပဲ ရှိမယ်ဆိုရင်တော့ ပြောရခက်လိမ့်မယ်…ဒါပေမယ်…နိုးထခြင်းအဆင့် မြင့်လေလေ မှော်ပညာရှင်က အားသာလေလေပဲ…သေချာတာပေါ့…မှော်ပညာရှင်ပဲနိုင်လိမ့်မယ်….”
 သူကိုယ်တိုင်ကား မှော်ပညာရှင်ဖြစ်သောကြောင့် သူက မှော်ပညာရှင်မှာ သိုင်းပညာရှင်ထက် ပို၍ အားသာသည်ဟု သူယုံကြည်ထားသည်။
 “ရီဖူရှင်း….မင်းအဖြေကရော….” စာမေးပွဲကြီးကြပ်သူက ဆက်မေးသည်။
 “နိုးထခြင်းအဆင့်မှာဆို သိုင်းပညာရှင်က နိုင်ဖို့ အခွင့်အရေးများတယ်….ဒီထက်မြင့်တဲ့အဆင့်ဆိုရင်တော့ မှော်ပညာရှင်က နိုင်ဖို့ အခွင့်အရေးများတယ်….” သူက တည်ငြိမ်စွာဖြေလိုက်သည်။
 “ အဓိပ္ပါယ်မရှိတာ….ဘယ်လိုလုပ် သိုင်းပညာရှင်က မှော်ပညာရှင်ကို နိုင်မလဲ…ပြီးတော့ ပိုမြင့်တဲ့အဆင့်မှာ မှော်ပညာရှင်က ပိုပြီးတော့ အခွင့်အရေးရှိတာမဟုတ်ဘူး…နိုင်ဖို့ အခွင့်အလမ်း အပြည့် အဝရှိတာ…..” ယန်ဇူက အေးစက်စွာ ပြောသည်။
 ”သူ့ကိုရှင်းပြလိုက်….” စာမေးပွဲကြီးကြပ်သူက ရီဖူရှင်းအား တိုက်တွန်းလိုက်သည်။

No comments:

Post a Comment