ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၁၂)
========
“မူရွှန်ချူနဲ့ သမီးနဲ့ကြားမှာ ဘာမှဖြစ်ခဲ့တာမရှိဘူး..အဖေ…သူ့ဝမ်းကွဲတူမ မူရွှန်ရှန်းကြောင့်သာ အတူတူ အမဲလိုက်ထွက်ဖြစ်ခဲ့တာပါ…သမီးက အမဲလိုက်သွားဖို့ စွမ်းအားမြင့်တဲ့သူတစ်ယောက်ယောက်ကို အဖော်ခေါ်ဖို့ လိုတယ်လေ…” ဖန်းရှင်းဇွီက ခေါင်းမာစွာပင် သူမကိုယ်ကို ကာကွယ်ရန်ကြိုးစား၏၊ သူမကဆက်၍….“ သူက စနောက်ရတာကို သမီး သိပါတယ်…ဒါပေမယ့် အဖေ…သူစနောက်တာက တော်တော်လွန်တယ်…မူရွှန်ရှန်းက သူနဲ့ ဝေးဝေးနေခိုင်းတာ အဓိပ္ပါယ်ရှိတယ်လို့ သမီးထင်တယ်….”
“နင်နဲ့ မူရွှန်ချူ ကြားမှာ ဘာမှ မဖြစ်ခဲ့ဘူး ဆိုတာ ငါသိတယ်…ဒါပေမယ့် ဖူရှင်းကို ငြင်းပြီးတာနက် နောက်ယောကျာ်းတစ်ယောက်နဲ့ အတူတူသွားတယ်ဆိုတာ ဘာအဓိပ္ပါယ်သက်ရောက်သွားလဲသိလား….ဒါအရှက်ခွဲတာကွ…နင် ဒါကို နားမလည်ဘူးလား….” ဖန်းရူဟိုင်ကား ပို၍ဒေါသထွက်လာဟန်တူသည်။
“ နင်တို့က မွေးကတည်းက တူတူကြီးပြင်းလာခဲ့ကြတာ….နင့်ဦးလေးရီဆိုရင်လည်း ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်း…နင့်ရဲ့ အချစ်ရေးကိစ္စတွေကို ကိုယ့်ဘာသာဆုံးဖြတ်တာကိုလည်း ငါတို့ လေးစားတယ်…ဒါပေမယ့်…သမီး…နင်..ငါ့ကို အရှက်ရစေတယ်….”
ဖန်းရှင်းဇွီကား မာကြောဟန်ဆောင်ကာ မငိုမိအောင် ထိန်းချုပ်နေသောလည်း သူမ၏မျက်နှာပေါ်မှ စိုးရိန် ဝမ်းနည်းမှုကိုကား ပျက်ပြယ်အောင် မတတ်နိုင်ချေ၊ အထူးသဖြင့် သူမ၏အဖေက ယခုလို ဒေါသတစ်ကြီး သူမအား အပြစ်တင်သည်မှာ မရှိသလောက်ရှားပါးလှသည်၊သူမက သက်တောင့်သက်သာ မရှိသလို ခံစားရသည်၊ သူမက ဖန်းရူဟိုင်အား ကြည့်ကာ ပြောလိုက်သည်….
“ သမီးဆုံးဖြတ်ချက်ကြောင့် အဖေနဲ့ ဦးလေးရီကြား ဘာမှ အဖုအထစ်မဖြစ်ဖို့ သမီးမျှော်လင့်ပါတယ်..အဖေ…သမီးတို့က အရွယ်ရောက်လာပါပြီ…သမီးရဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး…”
“ ဟုတ်လို့လား…သမီး…” ဖန်းရူဟိုင်က ခေါင်းယမ်းလိုက်သည်၊ သူက ဆက်၍….“ နင်အခုပြောနေတာတွေက နင့်ရဲ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ကြိုးစားနေတာ ဆိုတာကို နင် သတိမထားမိသေးဘူးလား…နင်က သူ့ကို ငြင်းလိုက်တယ်…ဘာလို့လဲဆိုတော့ သူက နင့်မျှော်မှန်းချက်နဲ့ မကိုက်ညီတော့ဘူးလို့ ထင်လို့မလား…နင်က ဒီလို ဆုံးဖြတ်ချက်တွေကို ချဖို့ ကိုယ့်ဘာသာ ရင့်ကျက်လှပြီလို့ ယုံကြည်နေတာလား…ဒါပေမယ့် အကျိုးအမြတ်မတွက်တဲ့ သန့်စင်တဲ့ မိတ်ဆွေဖြစ်ခြင်းဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးအရာတစ်ခုပဲ...ဖူရှင်းက အရင်လိုပဲ ဘာမှ အသုံးမကျဘူးဆိုရင် မင်း နောင်တရမှာမဟုတ်ဘူး...ဒါပေမယ့်...အခု..ဘယ်လိုလဲ...သူက အခု ကျောင်းတော်ရဲ့ ကြယ်တစ်ပွင့်ဖြစ်နေပြီ...ပြောစမ်း..သမီး...နင်..တစ်ကယ်ပဲ နောင်တမရဘူးလား....”
သူမက လက်မခံလိုသော်လည်း သူမလုပ်ခဲ့သည့်အပြုအမူများအတွက် တစ်ကယ်ပင် နောင်တရသည်၊ အထူးသဖြင့် ယခင်နေ့များနှင့် ကွဲပြားသော ဖူရှင်းအား တွေ့မြင်လိုက်ရသော အချိန်ဖြစ်သည်၊ သူမက ဆက်လက်၍ တိတ်ဆိတ်စွာ ခေါင်းငုံ့နေသည်။
“ ငါက ဖူရှင်း ငယ်ငယ်ကတည်းက အခုအချိန်အထိ သူကြီးပြင်းလာတာကို မြင်ခဲ့ရတာ....သူ့ကိုကြည့်လိုက်ရင် အပျင်းကြီးပြီး ပေါ့ပေါ့တန်တန်နေတတ်တယ်...ဒါပေမယ့် သူ့ကို လေးလေးနက်နက်ကြည့်မယ်ဆိုရင် ကျားတစ်ကောင် ဖြည်းဖြည်းချင်း နိုးထလာသလိုပဲ...”သူက ဆက်ပြောသည်...“ သူက သုံးနှစ်လုံးလုံး ကျောင်းတော်မှာ သူများစော်ကားတာတွေကို သည်းခံနေခဲ့တယ်...နင်စဉ်းစားကြည့်စမ်း...သူ့လောက် ဘယ်သူ သည်းခံစိတ်ရှိမလဲ...သူက မင်းအလွယ်တစ်ကူ စွန့်ပစ်လိုက်တဲ့ သာမာန်လူတစ်ယေက်လို့ တွေးမယ်ဆိုရင် နင်တစ်ကယ် မှားနေပြီ...” ထိုစကားများအား ပြောပြီး ဖန်းရူဟိုင်ကား ခေါင်းယမ်းလျက် ထွက်ခွာသွားသည်။
“ကျားတစ်ကောင် နိုးထလာတယ်....” သူမက ဖြည်းဖြည်းချင်း ရေရွက်လိုက်သည်၊ သူမ၏မျက်လုံးက အဝေးမှ ပုံရိပ်တစ်ခုဆီသို့ ရောက်သွားသည်၊ ခဏအကြာ သူမက နောက်ပြန်လှည့်လျက် ထိုနေရာမှ ထွက်ခွာသွားသည်။
၁။ ရီဖူရှင်းကလည်း သူ့အဖေအား နှုတ်ဆက်လိုက်သည်၊ ထို့နောက် ပြိုင်ပွဲနေရာအား ကြည့်လိုက်ရာ အဝေးတစ်နေရာမှာ ချင်ယီက သူ့အားစိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။
သူက လက်ညှိးဖြင့် ကောင်းကင်အား ညွှန်ပြလျက် ယုံကြည်မှုရှိသော အပြုံးဖြင့် ချင်ယီအား ကြည့်လိုက်သည်၊ သူ၏ အပြုအမူက အကြောင်းအရာတစ်ခုတည်းကို ညွှန်ပြနေသည်...ဤကား စောင့်နေပါ ဟူ၍ ဖြစ်သည်။
ချင်ယီက သူ့အား ကြည့်နေရင်းက သူလုပ်ပြသည်ကို မြင်သည်၊ သို့သော် ဘာမှမပြောပေ၊ သူမကိုယ်တိုင်လည်း ဖူရှင်းက ရေးဖြေစာမေးပွဲတွင် ပထမ ရမည်ဟု မမျှော်လင့်ခဲ့ပေ၊ နောက်ထပ် ကြီးကြီးမားမားတစ်ခု သူလုပ်ပြလိမ့်မည်ဟု သူမ၏စိတ်ထဲ ရေးတဲတဲ တွေးထင်နေသည်၊ ရုတ်တရက် သူမက ဖူရှင်းအပေါ် အားကောင်းသော ယုံကြည်ချက်တစ်ခု ရှိနေကြောင်း သတိထားမိလိုက်သည်။
လူအုပ်စုကား နောက်ဆုံးတွင် တစ်ဖြည်းဖြည်းကျဲပါးသွားခဲ့ပြီ၊နောက်ဆုံးတွင် ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်၊ သို့သော်လည်း မနက်ဖြန်ကား ယနေ့ထက်ပို၍ စည်ကားပေဦးမည်၊ ရာသီကုန်စာမေးပွဲကား ချင်းကျူမြို့၏ အထင်ကရ ပွဲတစ်ခုမဟုတ်ပါလား၊ စာမေးပွဲရလဒ်များ ကြေညာပြီးသည့်နောက် ကျောင်းတော်ပြင်ပမှ လူများကလည်း ရီဖူရှင်း၏အကြောင်းများအား ကြားထားကြပြီးဖြစ်သည်၊ ဟွာဂျီယူနှင့် ယန်ဇူတို့အား ကျော်ဖြတ်လျက် ပထမ ရယူနိုင်ခြင်းကား အလွန်ကို ထိတ်လန့် အံ့အားသင့်ဖွယ် ဖြစ်သည်၊ လူတိုင်းက ယနေ့အဖြစ်အပျက်အား အချိန်အတန်ကြာ အမှန်ရနေကြဦးမည်ဖြစ်ပါသည်။
နေ့လည်စာစားချိန်အတွင်းတွင်ဖြစ်သည်၊ ချင်းကျူမြို့ရှိ စားသောက်ဆိုင်များမှာကား စားသုံးသူများနှင့် ပြည့်ကျပ်နေသည်၊ ချင်းကျူကျောင်းတော်၏ ဘေးပတ်ဝန်းကျင် တစ်နေရာရှိ သစ်လွန်တောက်ပသော စားသောက်ဆိုင်တစ်ဆိုင်တွင် လူတစ်စု ဝိုင်းဖွဲ့စားသောက်နေကြသည်။
ချင်းကျူကျောင်းတော်၏ကျောင်းသား မူရွန်ချူကား အထူးခန်းတစ်ခန်းတွင် ထိုင်နေသည်၊ သူ၏ ဘေးတွင်ကား မူရွန်မိသားစု၏ အကြီးအကဲတစ်ချို့လည်း ထိုင်နေကြသည်၊ သူတို့အားလုံးအား လက်ရှိမူရွန်မိသားစု၏ခေါင်းဆောင် မူရွန်ချူ၏ အဖေ မူရွန်ယူရှမ်း က ဦးဆောင်၍ စကားပြောနေသည်။
“အရင်နှစ်တွေတုန်းက မင်းက ချံပီယန် ဖြစ်ပြီး ငါက ဒုတိယ ရတာ ငါဘယ်လိုလုပ်မေ့မလဲ ” နောက်လူကြီးတစ်ယောက်က ရယ်၍ ပြောလိုက်သည်။
“မင်းက သတိရနေသေးတာလား….နှစ်ပေါင်းများစွာကြာပြီမဟုတ်လား….ငါအခုထိ ငယ်ငယ်တုန်းက ဘဝကို ပြန်သွားချင်နေတုန်းပဲ….ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူးလေ….မိသားစုအရေးကိစ္စတွေနဲ့ ရှုပ်ထွေးရုန်းကန်ရင်းနဲ့ လူငယ်ဘဝကလို စိတ်အားထက်သန်မှုတွေလည်း မရှိတော့ဘူးကွ…မင်းရဲ့ဘဝက ပိုပြီး အေးဆေးတယ်ဆိုတာ ငါပြောနိုင်တယ်….” မူရွန်ယူရှန်းက ရယ်မောလျက်ပြောလိုက်သည်။
“မင်းတစ်ကယ်ပြောနေတာလား….မင်းက အားကောင်းတဲ့ မိသားစုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေပြီ…ဒီလောက်အင်အားကို ပိုင်ဆိုင်နေတာတောင်မှ ဘာကို မက်မောနေသေးတာလဲ…. ငါလား…ကျောင်းတော်မှာ ဟိုဟိုဒီဒီ လျောက်သွားပြီးတော့ ကျောင်းသားတွေကို သိုင်းသင်ပြီးတော့ အချိန်တွေ ကုန်အောင် လုပ်နေရတယ်….” ထိုလူက ခေါင်းခါလျက်ပြော၏၊ အမှန်တစ်ကယ်ကား ထိုလူမှာ ရှီဇောင် ဖြစ်သည်၊ သူကား ချင်းကျူကျောင်းတော်၏ မှော်ပညာကျောင်း ခုနစ်ကျောင်းမှ မြေဓာတ်မှော်ကျောင်း၏ ကျောင်းအုပ် ဖြစ်သည်၊ သူကား ကျောင်းတော်၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။
ရှီဇောင်ကား မည်သို့မှဖြစ်ဟန်မတူပေ၊ သူက မူရွန်ယူရှန်း၏ သဘောထားအား အလိုလိုနားလည်ပြီးဖြစ်သည်၊ မူရွန်ယူရှန်းက သူ၏သားအတွက် ရှီဇောင်အား သူ့အား ပြောနေခြင်း မဟုတ်ပါလား။
“မင်းသိတဲ့အတိုင်း….အခု ဒီစာမေးပွဲမှာ ဝင်ပြိုင်တဲ့ ကျောင်းသား အများစုက နိုးထခြင်းအဆင့် ခုနစ်မှာ ရပ်နေတာများတယ်….မူရွန်ချူကိုသာ သူ့ပြိုင်ဘက်တွေကို အနိုင်ယူနိုင်အောင် သေချာလုပ်ခိုင်း….ဒါဆိုရင် ငါက အကြောင်းပြချက်ကောင်းကောင်းပေးပြီးတော့ မူရွန်ချူကို ပြိုင်ပွဲရဲ့ ချံပီယံ လုပ်ပေးလို့ရမယ်…”
“ဟွာဂျီယူက ပြိုင်ပွဲကို ဝင်ပြိုင်ချင်မှ ပြိုင်မှာ၊ သူက အရမ်းဘဝင်မြင့်နေတာ….တစ်ကယ်လို့ သူဝင်ပြိုင်ရင် ပထမက သူပဲရမှာပဲ….သူဝင်မပြိုင်ခဲ့ရင်တော့ ငါ့သားက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်….ဒီတော့ သူ့အနာဂါတ်ကို ဆုံးဖြတ်ရမှာ မင်းပဲ….” မူရွန်ယူရှန်းက လာဘ်ထိုးရန်ကြိုးစားနေခြင်းဖြစ်သည်၊ “တစ်ကယ်လို့ အနာဂါတ်မှာ မင်းတစ်ခုခုလိုအပ်လာတယ်ဆိုရင် ငါအတတ်နိုင်ဆုံးကူညီပေးမယ်…ငါပြောတာက ဘာမဆို ကူညီမယ်လို့ပြောတာ…”
“သေချာတာပေါ့….မင်းကိစ္စက ငါ့ကိစ္စပဲ…” ရှီဇောင်ကလည်း သူဘာကိုဆိုလိုသည်ကို နားလည်သည်၊
“မူရွန်ချူက မင်းရဲ့ကျောင်းကို တက်တဲ့အခါ အကူအညီအများကြီး တောင်းရဦးမှာပဲ….ချီးယား…..ငါတို့ သူငယ်ချင်းအတွက်…ဟား…ဟား….” မူရွန်ယူရှန်းက ခွက်အား မြှောက်လျက် သောက်လိုက်သည်၊ထို့နောက် ရယ်မောသံများ၊ စကားပြောသံများ ထိုအခန်းထဲ၌ ဆက်လက်ပျံ့နှံ့နေလေသည်။
ချင်းကျူ ကျောင်းတော်ကား ချင်းကျူ တစ်မြို့လုံး၏ စာအုပ်စာပေများစုဝေးရာ စာကြည့်တိုက်ကြီးဟု သတ်မှတ်နိုင်သည်၊ ရေးဖြေ စာမေးပွဲပြီးသည်နှင့် ရီဖူရှင်းလည်း သူ၏ အခန်းသို့ပြန်၍ သိုင်းကျင့်၏၊ ညနေစောင်းခန့်တွင် သူ တစ်ယောက်တည်း ကျောင်းတော်၏ စာကြည့်တိုက်သို့ ရောက်လာသည်။
သူကား စာကြည့်တိုက်၏ ပထမထပ်သို့သာ ဝင်ခွင့်ရ၏၊ ထိုပထမထပ်ရှိ စာအုပ်များ၊ စာလိပ်များတွင်ကား အမျိုးမျိုးသော တိုက်ခိုက်ရေးနည်းပညာများ၊ သိုင်းကျမ်းများ၊ မှော်ပညာများ၏ အခြေခံနှင့်ပတ်သက်သော စာအုပ်များကိုတွေ့ရသည်၊ ထိုစာအုပ်များကား နိုးထခြင်းအဆင့်ရှိသော ပြင်ပကျောင်းသားများအတွက် သင့်တော်လှပေသည်။
ဒုတိယ ထပ်ရှိ စာအုပ်များမှာကား နွေဦးရာသီနှင့် ရာသီကုန် စစ်ဆေးခြင်းစာမေးပွဲများတွင် အဆင့်ရသော ပြင်ပကျောင်းသားများနှင့် တရားဝင်ကျောင်းသားများသာလျင် လေ့လာခွင့်ရ၏ ထိုမှော်စာအုပ်များအား ဖတ်ရှုခွင့်ရရန်မှာ ကျောင်းတော်၏ မှော်ပညာကျောင်းသားများအားလုံး၏ အိပ်မက်ပင်ဖြစ်သည်၊ ဖန်းရှင်းဇွီ မှာ ထိုသူများထဲမှတစ်ယောက်ဖြစ်ပြီး ရာသီကုန်စာမေးပွဲတွင် အဆင့်ချိတ်ရန်မှာ သူမ၏ ရည်မှန်းချက်ပင် ဖြစ်သည်။
သို့သော်လည်း ယခု ရီဖူရှင်းက စာကြည့်တိုက်သို့ လာရောက်သည်မှာ စာကြည့်တိုက်၏ဒုတိယထပ်အတွက် မဟုတ်ပေ၊ သူကား အမြဲတမ်း စနစ်တကျ သိုင်းကျင့်ခဲ့သည်၊ လွတ်လပ်မှု ကျင့်စဉ်မှလွဲ၍ သူကား မည်သည့် တိုက်ခိုက်ရေးနည်းပညာ၊ မှော်သိုင်းကွက်များအား မလေ့ကျင့်ဖူးပေ၊ မနက်ဖြန် စာမေးပွဲကား တစ်ကယ့် တိုက်ပွဲများ ဆင်နွဲရနိုင်သည်၊ သူကား ရေးဖြေစာမေးပွဲတွင် ပထမ ရထားသည်မဟုတ်ပါလား၊ အကယ်၍ မနက်ဖြန် ပြိုင်ပွဲ၌ သူက ဆိုးရွားသော သိုင်းကွက်များကိုသာသုံးလျင် အရှက်ရစရာကောင်းပေသည်၊ သူက ထိုသို့ အဖြစ်မခံနိုင်ပေ၊ လူအတော်များများက သူအခြေအနေ မဟန်လျင် အရှက်ခွဲရန် စောင့်နေကြပေသည်။
စာကြည့်တိုက်ကား သိုင်းပညာစာအုပ်များထားရာနေရာနှင့် မှော်ပညာစာအုပ်များထားရာ ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်၊ ဖူရှင်းက သိုင်းပညာစာအုပ်များ ထားရာဖက်သို့ လျောက်သွားလိုက်သည်။
နိုးထခြင်းအဆင့်ခြောက်ကား ကွဲပြားခြားနားသော အဆင့်ဖြစ်သည်၊ အဆင့်ခြောက်မတိုင်မှီ သိုင်းပညာနှင့် မှော်ပညာ ကျင့်စဉ်မှာ အခြေခံအားဖြင့်တူညီသည်၊ သို့သော် သိုင်းပညာရှင်က အဆင့်ခြောက်ကို ရောက်သောအခါ သဘာဝစွမ်းအားကို ခန္ဒာကိုယ်အား ဖြန့်ကျက်၍ တစ်ကိုယ်လုံးအား သန်စွမ်းစေအောင်လေ့ကျင့်သလို မှော်ပညာရှင်ကလည်း သဘာဝစွမ်းအင်အား ထိန်းချုပ်ရန်ကြိုးစားခြင်းဖြင့် အဆင့်တက်ရန်ကြိုးစားရပေသည်။ သို့သော် နိုးထခြင်းအဆင့်ခြောက်မတိုင်မှီကား လမ်းစဉ်နှစ်ခုလုံး တူတူပင်ဖြစ်သည်။
သိုင်းပညာရှင်က သိုင်းကျင့်သောအခါ လှုပ်ရှားမှုများ၏သဘောတရားများအား နားလည်အောင်ကြိုးစားရသည်၊ ထိုမှသာလျင်သူတို့က နိုးထခြင်းအဆင့်ခုနစ်အား တက်ရောက်နိုင်မည်ဖြစ်သည်။
မှော်ပညာရှင်ကမူ သဘာဝစွမ်းအင်များအား အာရုံခံစား၍ထိန်းချုပ်နိုင်အောင်ကြိုးစားရသလို မိမိတို့ အထူးပြုသော ဓါတ်သဘာဝများနှင့်လည်း လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ရသည်၊ ထိုမှသာလျင် နိုးထခြင်း အဆင့် ခုနစ်သို့ တက်ရောက်နိုင်ပေသည်။
ထို့ကြောင့် ချင်းကျူကျောင်းတော်၏တရားဝင်ကျောင်းသားဖြစ်ရန် အသက်ဆယ့်ရှစ်နှစ်မတိုင်မှီ နိုးထခြင်းအဆင့် ခုနစ်သို့ ရောက်ရန်လိုသည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်၊ သို့မဟုတ် သင့်တွင် ယူချင်းကဲ့သို့ သိုင်းပညာနှင့် မှော်ပညာနှစ်ခုလုံးအား လေ့ကျင့်နိုင်သော ပါရမီပါရန်လိုပေသည်။
စာကြည့်တိုက်တွင် လူအများကြီး မရှိသော်လည်း ရီဖူရှင်းအား စောင့်ကြည့်နေသူများကား ရှိကြပေသည်၊ သူ၏ရေးဖြေစာမေးပွဲရလဒ်ကြောင့်သော်၎င်း၊ ဟွာဂျီယူ၏ ရီဖူရှင်းအား ပြုံးပြသော အကြောင်းအရာရ၄င်း လူအများအပြားက သူ့အား သတိထားစောင့်ကြည့်လာကြသည်။
ကောလဟလများက ရီဖူရှင်းက နိုးထခြင်း အဆင့်တစ်တွင်ရပ်တန့်နေသည်ဟု သူတို့သိထားကြသည်၊ ဤသို့ဆိုလျင် အဘယ်ကြောင့် သူက စာကြည့်တိုက်တွင် ရောက်နေရသနည်း၊ စာကြည့်တိုက်ရှိ လူတိုင်းက ရီဖူရှင်းအား ကြည့်လျက် ထိုမေးခွန်းအား စိတ်ထဲတွင် မေးနေကြသည်။
သူတို့က ရီဖူရှင်း ဟိုဟိုဒီဒီ လျောက်သွားနေသည်ကို စောင့်ကြည့်နေကြသည်၊ သူ့ပုံစံအရ ရီဖူရှင်းမှာ သူနှင့် သင့်တော်သော သိုင်းကွက်များအား ရှာဖွေနေပုံရသည်။
အတန်ကြာသောအခါ ရီဖူရှင်းက စာအုပ်စင်တစ်နေရာတွင် ရပ်တန့်လိုက်သည်၊ သူက စာအုပ်တစ်အုပ်အား ကောက်ကိုင်လိုက်ပြီး အလွန်စိတ်ဝင်စားဟန်ဖြင့် ထိုစာအုပ်အား ဖတ်နေသည်ကို တွေ့ကြ၏။
နဂါးအားမာန်သိုင်း၊ စစ်သူရဲကောင်းများ အများစု လေ့ကျင့်ကြသည်၊ လေ့ကျင့်သူ၏ခန္ဒာကိုယ်က နဂါးတစ်ကောင်အလားဖြစ်သွားပြီး ထိန်းချုပ်ရခက်ခဲကား လွှတ်လပ်စွာတိုက်ခိုက်ခြင်းကို အထူးပြုသည်။
“ လေ့ကျင့်ရာမှာ ခက်ခဲကြမ်းတမ်းနိုင်တယ်…ဒါပေမယ့် အားပြင်းတယ်…” ရီဖူရှင်းကား သူရှာတွေ့သော သိုင်းကွက်အား ကျေနပ်နေပုံရသည်။
“ဒီဟာပဲ…” သူက စာအုပ်အား ပိတ်လျက် ထွက်ခွာရန်ပြင်လိုက်သည်။
“ မင်းက နဂါးအားမာန်သိုင်းကွက်ကို လေ့ကျင့်မလို့လား…” သူ့အား စောင့်ကြည့်နေသူများထဲမှ တစ်ယောက်က သိလိုစိတ်ကို ထိန်းချုပ်မရတော့ဟန်ဖြင့် သူ့အားမေးလိုက်သည်။
“ဘာလို့လဲ…ပြသနာ..တစ်ခုခုရှိလို့လား…” ရီဖူရှင်းက မျက်မှောင်ကုပ်လျက်မေးလိုက်သည်။
“ ပြသနာမရှိဘူး…ဒါကမင်းနဲ့ အသင့်တော်ဆုံးပဲ….” ထိုသူက ရယ်ချင်သောစိတ်ကို ထိန်းချုပ်လျက် ပြန်ပြောလိုက်သည်။
ရီဖူရှင်းကား ဂရုမစိုက်ပေ၊ သူက နောက်သို့လှည့်လျက် ထိုနေရာမှ ထွက်ခွာသွားသည်၊ သူအတော်ဝေးဝေးသို့ ရောက်သွားသောအခါမှ သူ၏နောက်မှ ပျံ့လွင့်လာသော ရယ်သံတစ်ချို့အား သူကြားလိုက်သည်။
“ ဒီကောင်က စာကြည့်တိုက်ကို အလှပြမလို့ လာတာလား…ဟားး..ဟား…” တစ်ယေက်က ပြောလိုက်သည်၊ လူတိုင်းက သူ၏စကားအား ခေါင်းညိတ်ကာ ရယ်မောလိုက်ကြသည်၊။
“ မင်းဘာသိလို့လဲ…နဂါးအားမာန်သိုင်းကွက်က အရမ်းအားပြင်းတာ….ရေးဖြေစာမေးပွဲ ပထမဆုရှင်နဲ့ ကွက်တိပဲ…အာ…ငါမေ့တော့မလို့…သူက ရီဖူရှင်းပဲ…ဟား…ဟား…” နောက်တစ်ယောက်က သရော်လိုက်သည်။
“ မှန်တယ် …ပထမဆုရှင်က ငါတို့နဲ့ တစ်ကယ်ကို ကွာခြားတယ်…” သရော်သော်အသံများ၊ ရယ်မောသံများ ရီဖူရှင်းထွက်သွားပြီးခဏမှာပင် စာကြည့်တိုက်တစ်ခုလုံး ပျံ့လွင့်သွားသည်။
နဂါးအားမာန်သိုင်းကား ပြင်ပကျောင်းသားများအကြားတွင် အလွန်ကျော်ကြားသော သိုင်းကွက်ဖြစ်သည်၊ အမှန်တစ်ကယ်လည်း အင်အားပြင်းသော သိုင်းကွက်ဖြစ်သည်၊ သို့သော် ၄င်းသိုင်းက နဂါးတစ်ကောင်၏လှုပ်ရှားပုံများအား နားလည်ရန်လိုအပ်ပေသည်၊ ထိုအရာကား မဖြစ်နိုင်ပေ၊ ထိုမတိုင်မှီက ကျောင်းသားများစွာက ၄င်းသိုင်းအား လေ့ကျင့်ရန်ကြိုးစားဖူးကြသည်၊ သို့သော် မည်သူမျှ မအောင်မြင်ခဲ့ကြပေ။
ရီဖူရှင်းကား သူတို့ မည်သည့်အကြောင်းများ ပြောဆိုနေကြသည်ကို ဂရုမစိုက်ပေ၊ သူက မှော်ပညာစာအုပ်များ ရှိရာဖက်သို့ လျောက်လှမ်းလာရာ သူ၏ရှေ့သို့ လူနှစ်ယောက်တည့်တည့်လျောက်လာသည်ကို မြင်ပြီး သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။
သူမ၏အဖေထံမှ ဆူပူကြိမ်းမောင်းခံရပြီးနောက် ဖန်းရှင်းဇွီကား အတော် စိတ်ထွေပြားနေသည်၊ ထို့ကြောင့် သူမက စိတ်တည်ငြိမ်မှုရစေရန် စာကြည့်တိုက်အတွင်းသို့ လျောက်ကြည့်ရန်ဆုံးဖြတ်ခဲ့သည်၊ ထို့အပြင် သူမကား ရာသီကုန်အမဲလိုက်အစီအစဉ်ပြီးကတည်းက နိုးထခြင်းအဆင့်ခြောက်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်၊ သူမကား မှော်ပညာအား လေ့လာရန် အဆင်သင့်ဖြစ်နေပြီဟု တွေးမိသည်၊ ထို့ကြောင့် သူမနှင့်သင့်တော်သော ကျင့်စဉ်အား စာကြည့်တိုက်တွင် ရှာဖွေလိုသည်၊ ဖန်းရှင်းဇွီက စာကြည့်တိုက်အတွင်း၌ ရီဖူရှင်းနှင့် ဆုံလိမ့်မည်ဟု လုံးဝမထင်မှတ်ထားပေ။
သူမ၏မျက်လုံးများက တောက်ပသွားသည်၊ သူမကား ရီဖူရှင်းအား ဆက်လက်ရှောင်ဖယ်ရန် စိတ်ကူးမရှိတော့ပေ၊ သူမက ရီဖူရှင်းအား ကြည့်လျက် မေးလိုက်သည်....
“ နင်က သိုင်းကျင့်စဉ်တွေ လာရှာတာလား....”
“အင်း” ရီဖူရှင်းက ပြုံးလျက် ခေါင်းညှိတ်လိုက်သည်။
ဖန်းရှင်းဇွီက ဘာဆက်ပြောရမှန်းမသိတော့ပေ၊ အခြေအနေက သက်တောင့်သက်သာ မဖြစ်တော့သလို ခံစားလာရသည်။
“ ဖန်းရှင်းဇွီ....နင်...မှော်သိုင်းစာအုပ်တွေ..သွားမကြည့်ဘူးလား....” သူမ၏ဘေးမှ မူရွှန်ရှမ်းက ဖန်းရှင်းဇွီအား မှော်ပညာစာအုပ်များထားရာဖက်သို့ ဆွဲခေါ်သွားသည်၊ထို့နောက်သူမက ဖန်းရှင်းဇွိအား တိုးတိုလေးကပ်ပြောလိုက်သည်....“ဖန်းရှင်းဇွီ...ဒီကောင်...နင့်ကို လက်လျော့ပုံမရသေးဘူး...”
ဖန်းရှင်းဇွီ က ထိုစကားကိုကြားကာစိတ်လှုပ်ရှားသွားသည်၊ သူမက ရီဖူရှင်းအား တစ်ချက်ခိုးကြည့်လိုက်သည်၊ သူကား စာအုပ်များအား ရှာဖွေနေပုံရသည်။
“ ဘယ်လောက်တောင် ဟန်ဆောင်ကောင်းလဲ...” မူရွှန်ရှမ်းက မျက်မှောင်ကုပ်လျက် ရေရွက်လိုက်သည်၊ ရေးဖြေစာမေးပွဲတွင်ပထမရသော်လည်း လက်တွေ့တိုက်ခိုက်ရေးတွင် အသုံးကျမည်ဟု သူမ မယုံပေ။ လက်တွေ့တိုက်ခိုက်ရေးအား သိသည် ဆိုလျက်ပင် သူကား သိုင်းပညာစာအုပ်များထားရာနေရာတွင် ရှိနေသင့်သည် မဟုတ်ပါလား။
“ ဖြစ်နိုင်တာက သူက မှော်ပညာနဲ့ပတ်သက်ပြီး ဗဟုသုတ ရှာချင်တာလည်း ဖြစ်နိုင်တာပဲ...” ဖန်းရှင်းဇွီက တိုးတိုးလေးပြန်ပြောသည်၊ သူမကား ရီဖူုရှင်းအား အထင်မသေးရဲတော့ပေ၊ ရေးဖြေစာမေးပွဲတွင် သူ၏ စွမ်းဆောင်ရည်က သူမအား ထိတ်လန့်စေသည်၊ ရေးဖြေစာမေးပွဲတွင် ပထမ ရရန်မှာ သိုင်းပညာနှင့် မှော်ပညာ ပညာရပ်နှစ်ခုလုံးအား နက်ရှိုင်းစွာနားလည်ရန်လိုအပ်ပေသည်။
“ ဂမ္ဘီရသိုင်းစာအုပ်” မူရွှန်ရှမ်းက ဖူရှင်း၏လက်ထဲမှ စာအုပ်အား မြင်လိုက်သည်၊ သူမက ပြုံးလျက် လှမ်းပြောလိုက်သည်....
“ တစ်ကယ်လို့ နင်က ဟန်ဆောင်တယ်ဆိုရင်တောင် သေသေချာချာ လုပ်လို့မရဘူးလား...ဒီလို ခလေးစာအုပ်နဲ့ သူများကို အရူးလုပ်နေတာလား....”
ထိုအနီးအနားမှလူတိုင်းက သူမပြောသောစကားအားကြားကာ ရီဖူရှင်းအား ကြည့်လိုက်ကြသည်၊ သူမပြောသည်မှာ မှန်ကန်နေသည်ကို တွေ့ရ၍ လူတိုင်းက စတင်ရယ်မောကြသည်၊ သူကား အမှန်တစ်ကယ်ပင် အခြေခံမှော်သိုင်းကွက်များပါဝင်သော ဂမ္ဘီရသိုင်းစာအုပ်အား ကိုင်ထားသည်ကို တွေ့ရသည်၊ ထိုစာအုပ်ကား ခလေးများအား လှည့်စားရန်သာအသုံးဝင်သော မှော်သိုင်းစာအုပ်ဖြစ်သည်။
ရီဖူရှင်းက စာအုပ်အား ပိတ်လိုက်ပြီး နဂါးအားမာန်သိုင်းစာအုပ်နှင့်အတူ လက်မောင်းအိုးအောက်၌ ထည့်ထားလိုက်သည်၊ ထို့နောက် မူရွှန်ရှမ်းဖက်သို့ လှည့်လျက် ဝေခွဲမရဟန်ဖြင့် ကြည့်လိုက်သည်....
“ ငါ မင်းကို သိလို့လား...” သူက မူရွှန်ရှမ်းအား မေးကာ ထွက်သွားလေသည်။
“နင်...” သူမက ရီဖူရှင်း၏နောက်ကျောအား လက်ညှိးဖြင့်ထိုးလျက် ဘာဆက်ပြောရမည်မှန်း မသိတော့ပေ၊ နောက်ဆုံးတွင်သူမက....
“ ကြည့်ရတာ ရေးဖြေစာမေးပွဲမှာ ပထမရပြီး အတော် ဘဝင်မြင့်သွားတဲ့ပုံပဲ...ကျောင်းတော်ရဲ့စာကြည့်တိုက်ကိုတောင်လာပြီး ဂမ္ဘီရသိုင်းစာအုပ်ကို ခလေးစာအုပ်နဲ့ ဟန်လာလုပ်နေသေးတယ်...နင်က လုံးဝအရှုံးသမားဆိုတာ ထားလိုက်ဦး...ပုံမှန်သိုင်းပညာရှင်ဆိုရင်တောင် နင်က ဖန်းရှင်းဇွီနဲ့ မတန်သေးဘူး....”
ဖန်းရှင်းဇွီ နှင့် မူရွှန်ရှမ်းကား မှော်ပညာရှင်များ ဖြစ်ကြသည်၊ မှော်ပညာရှင်များအားလုံးက သူတို့သည် သိုင်းပညာရှင်များထက် ပို၍ကောင်းသည် ဟု ယူဆထားကြသည်၊ အထူးသဖြင့် မှော်ပညာရှင်များအားလုံးတွင် မွေးရာပါ သိုင်းပညာကို လေ့ကျင့်နိုင်သော ပါရမီ ပါကြသည်၊ သူတို့က သဘာဝစွမ်းအင်အား စုဆောင်းကာ မှော်ပညာကိုလေ့ကျင့်နိုင်သလို သိုင်းပညာကိုလည်း လေ့ကျင့်နိုင်သည်၊ သို့သော် မှော်ပညာရှင်တိုင်းက သိုင်းပညာတိုးတက်မှုတွင် အချိန်မကုန်ဆုံးလိုကြပေ။
ရီဖူရှင်းအား သူမပြောနေသည်ကို ဂရုပင်မစိုက်ပေ၊ သို့သော် သူမက ရပ်တန့်ခြင်းမရှိပဲ ဆက်၍သရော်လိုက်သည်....
“ ထပ်ပြောရရင် မနက်ဖန်ပြီးသွားရင် နင်က အရင်ကလို နေရာကို ပြန်ရောက်သွားမှာပဲ...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလဲ...တစ်ခါ အသုံးမကျရင် တစ်သက်လုံး အသုံးမကျဘူးမလား....မနက်ဖန် နင်ဘယ်လို အရူးဖြစ်မလဲ ဆိုတာ ငါ မစောင့်နိုင်တော့ဘူး...ဟဟ”
ရီဖူရှင်းက သူ၏စာအုပ်နှစ်အုပ်အားယူကာ စာအုပ်များအား မှတ်တမ်းပြီးနောက် စာကြည့်တိုက်မှ ထွက်သွားသည်၊ လူတိုင်းက သူငှားသွားသော စာအုပ်နှစ်အုပ်နှင့် ပတ်သက်၍ဆွေးနွေးနေကြသည်၊ သူတို့အား လုံးစိတ်ထဲမှ တွေးနေကြသည်...နဂါးအားမာန်သိုင်းနဲ့ ဂမ္ဘီရသိုင်း ....ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ....။
ဖန်းရှင်းဇွီက တိတ်ဆိတ်စွာ နားထောင်နေသည်၊ သူမကား ဘာပြောရမှန်းမသိတော့ပေ၊ ရီဖူရှင်းက သူမအား ပြုံးပြခဲ့သော်လည်း သူမတို့နှစ်ခုအကြား တစ်ခုခုက ခြားထားသလို ခံစားနေရသည်၊ သူမက ပြောခဲ့သလို ရီဖူရှင်းက သူမ၏အဝေးတွင်နေသော်လည်း သူမ၏ရင်ထဲတွင် လေးလံနေသည်ကို နားမလည်ပေ။
“နဂါးအားမာန်သိုင်းနဲ့ ဂမ္ဘီရသိုင်း” ယူချင်းက ထိုစာအုပ်နှစ်အုပ်အား မြင်သည်နှင့် အနည်းငယ် အံ့အားသင့်သွားသည်၊ သူက ရီဖူရှင်းအား ကြည့်လျက်....
“ မင်းက သိုင်းနဲ့ မှော် နှစ်ခုလုံးကို လေ့ကျင့်တော့မှာလား...”
“ အင်း...မှော်ထိန်းချုပ်သူတွေလို့ခေါ်တာက သူတို့က မွေးရာပါ ဓါတ်သဘာဝစွမ်းအင်တွေကို ထိန်းချုပ်နိုင်တဲ့ ပါရမီ ပါလို့ပဲ...ဒီအတိုင်းငါက ဒီပါရမီတွေကို အလကား အဖြစ်မခံနိုင်ဘူး.....သိုင်းပညာကို လေ့ကျင့်တယ်ဆိုတာကလည်း ငါ့ရဲ့ မှော်ပညာက အားပြည့်အင်ပြည့် သုံးရအောင် စွမ်းအင်မလုံလောက်သေးဘူး...အခြေခံအရဆို ငါက မှော်ပညာကို အကောင်းဆုံးအသုံးမချနိုင်သေးဘူး...”
“ ဒါဆို ဂမ္ဘီရသိုင်းစာအုပ်က ဘာကြောင့်လဲ...” ယူချင်းက သိလိုစိတ်အား ထိန်းချုပ်မရဟန်ဖြင့်မေးသည်။
“ အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ...” ရီဖူရှင်းက ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်၊ သူကဆက်၍....
“ ထပ်ပြောရရင် ဂမ္ဘီရသိုင်း ကိုလေ့ကျင့်ရတာ အရမ်းလွယ်တယ်...အချိန်မကုန်ဘူး....”
၁။ ယူချင်းက နားမလည်သော်လည်း ခေါင်းညှိတ်လိုက်သည်၊ ဖူရှင်းက ဆက်၍ပြောသည်...
“ အဲဒီ မြေခွေးမ ကြည့်ရတာတော့ သိုင်းပြိုင်ပွဲကို စိတ်ဝင်စားပုံမရဘူး...ဒါကြောင့် ဝင်ပြိုင်မှာမဟုတ်ဘူး....တစ်ကယ်လို့ သူမ မပြိုင်ဘူးဆိုင်ရင် ငါက ပထမ ရအောင် လုပ်ရမှာပဲ...”
“ကောင်းပြီ...” ယူချင်းက ခေါင်းညှိတ်လိုက်သည်၊ ထိုအရာက ရီဖူရှင်းလိုချင်သည့်အရာဆိုပါက သူကလည်း ထိုအရာအား လုပ်မည်ဆုံးဖြတ်ထားပြီးဖြစ်သည်၊ သူကား ဂုဏ်ထူးအဆင့်တွင် ပါဝင်ပြီးဖြစ်သည်၊ အကယ်၍ မနက်ဖန် အားလုံး၏အထက်တွင် ရပ်နိုင်ပါက သူကား ပထမရရန်မှာ သေချာပေသည်။
“ ငါသိုင်းကျင့်တော့မယ်...” ရီဖူရှင်းက ပြောသည်၊ ထို့နောက် သူက သိုင်းကျင့်ရာနေရာသို့ ထွက်လာသည်၊ သူက နဂါးအားမာန်သိုင်း စာအုပ်အား လှန်လျက် ရုပ်ပုံများ၊ စာများအား ဖတ်ကာ နားလည်အောင် အရင်လေ့လာလိုက်သည်၊ ထို့နောက်စာအုပ်အား ပိတ်ကာ သူ၏မျက်လုံးအား မှိတ်ထားလိုက်သည်၊ ချက်ချင်းပင် အက်ကွဲသံတစ်ချို့မည်လာကာ သူ၏တစ်ကိုယ်လုံးအား လျပ်စီးများ ဖုံးလွှမ်းသွားသည်။
ကြောက်မက်ဖွယ် မိုးကြိုးလျပ်စစ်များက သူ့ကိုယ်အား စီးဆင်းစေလျက် သူ့သက်စောင့်ဟော်နန်းထဲမှ နဂါးအော်သံ၊ နဂါးလှုပ်ရှားပုံများအား အာရုံပြုလိုက်သည်၊ တစ်ဖြည်းဖြည်း သူ၏ မိုးကြိုးလျပ်စစ်များ ပို၍ အားကောင်းလာသည်၊ နောက်ဆုံးတွင် သူ့ကိုယ်အား လှည့်ပတ်နေသော မိုးကြိုးလျပ်စစ်များက နဂါးတစ်ကောင်၏ပုံစံအလားဖြစ်လာသည်၊ ထိုနဂါးကား သူ၏သက်စောင့်ဟော်နန်းထဲမှ နဂါးနှင့် ပုံသဏ္ဍာန်နှင့်အရောင်အဝါ အားလုံးအတူတူဖြစ်သည်။
နဂါးအားမာန်သိုင်းအား ယခင်က ကျင့်ရန်ကြိုးစားဖူးသူများအားလုံး မအောင်မြင်ခဲ့ကြပေ၊ သို့သော် ရီဖူရှင်းအတွက်ကား ခက်ခဲမှုမရှိခဲ့ပေ။ စာအုပ်ထဲမှ နည်းစနစ်များအတိုင်းလေ့ကျင့်ခြင်းဖြင့် သူ၏ခန္ဒာကိုယ်တစ်လျောက် မိုးကြိုးလျပ်စစ်နဂါးက အရှိန်အဟုန်ပြင်းစွာဖြင့် လှည့်ပတ်စီးဆင်းနေသည်၊ ထိုစွမ်းအင်များက တစ်ဖြည်းဖြည်း သူ၏ သွေးကြောများ၊ အရိုးများထဲအထိ စီးဝင်ကာ စိမ့်ဝင်ပျံ့နှံ့ သွားကာ ရီဖူရှင်းကိုယ်တိုင်က နဂါးတစ်ကောင်အလား အားအင်ပြည့်ဝလာသလို ခံစားရသည်၊ သူ၏မျက်နှာက အနီရောင်တစ်လှည့်၊ အဖြူရောင်တစ်လှည့်ပြောင်းနေသည်၊ သူက အလွန်အမင်းနာကြင်သည့်ပုံပေါ်ကာ တစ်ချက်တစ်ချက် နဂါးဟိန်းသံကဲ့သို့သော အသံများက ပတ်ဝန်းကျင်သို့ပျံ့နှံ့နေသည်။
နဂါးအားမာန်သိုင်းကား အလွန်အားပြင်းသောသိုင်းဖြစ်ကာ နဂါးတစ်ကောင်၏ပုံရိပ်အားဖန်တီးလျက် မိမိကိုယ်တိုင်နဂါးတစ်ကောင်အလား ဖြစ်အောင် လေ့ကျင့်ရသောသိုင်းဖြစ်ပေသည်။
ထိုသို့လေ့ကျင့်နေလျက်ပင် အချိန်ကား နေ့ဘက်မှ ညဘက်သို့ ကူးလာပြီဖြစ်သည်၊ နောက်တစ်နေ့ နေထွက် သည့်အချိန်တွင် လေ့ကျင့်ရေးကွင်းတစ်နေရာတွင် ပုံရိပ်တစ်ခုကား အင်အားပြင်းထန်စွာ ရွှေ့လျား လှုပ်ရှားနေသည်ကို တွေ့ရသည်၊ သူကား နဂါးအားမာန်သိုင်းအား လေ့ကျင့်နေဆဲဖြစ်သည်၊ သူ၏လှုပ်ရှားမှုများက အရှိန်အဟုန်ပြင်းလျက် အားပြင်းသည်၊ သူ့တစ်ကိုယလုံးကား ကိုယ်ရောင်ကိုယ်ဝါများတောက်ပလျက် မိုးကြိးလျပ်စီးနဂါးတစ်ကောင်က သူ၏ခန္ဒာကိုယ်အား လှည့်ပတ်နေသည်၊ ပို၍သေချာအောင် ပြောရမည်ဆိုလျင်ကား သူကား နဂါးတစ်ကောင်နှင့်တူလှသည်။
No comments:
Post a Comment