Tuesday, June 19, 2018

ဒဏ္ဍာရီထဲက ဖူရှင်း(၄)

ဒဏ္ဍာရီထဲက ဖူရှင်း
============
အပိုင်း(၄)
-----------
             ရီဖူရှင်းလည်း မိမိ၏လက်ဝါးရိုက်ချက် အားလှိုင်းအား ကြည့်ကာ အံ့သြထိတ်လန့်သွားသည်၊ ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွား၏၊ သူမျက်လုံးမှိတ်လိုက်သည်၊ ထို့နောက် သူ၏ သိစိတ်က သက်စောင့်ဟော်နန်းထဲသို့ ဝင်ရောက်သွား၏။
              ကမ္ဘာသစ်ပင်၏ အောက်တွင် ဖူရှင်း၏ ပုံရိပ် တဖန်ပြန်ပေါ်လာသည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများကြောင့် တစ်လက်လက် တောက်ပနေသည်၊ ခဏအတွင်းမှာပင် ကျောက်စိမ်းရောင် ရှေးဟောင်းသစ်ပင်ကြီးက မီးဓာတ် သဘာဝစွမ်းအင်များ ပြည့်နှက်လျက် မီးတောက် မီးလျံများ လွှမ်းခြုံလာ၏၊ ပို၍ ထူးဆန်းသည်မှာ အလွန်စူးရှတောက်ပသော နေလုံး ပုံသဏ္ဍာန် တစ်ခုက ကောင်းကင်တွင် ထွန်းလင်းနေသည်ကို တွေ့ရခြင်းဖြစ်သည်၊ ထိုအရာမှ မီးလျံများဖြင့် တောက်ပနေပြီး ပုံမှန် နေမင်းထက်ပင် ပို၍ စူးရှပြီး ပူပြင်းပုံရ၏။
            တန်ခိုးကျင့်သူတစ်ဦး၏ စိတ်ဝိညဏ် တွင်ကား၊ သူတို့၏ သက်စောငိ့ဟော်နန်းတွင် သဘာဝအလျောက်ဖြစ်လာသော အရာများ ရှိနေတတ်ကြသည်၊ တစ်ချို့တွင်ကား တောင်ကုန်း၊ တစ်ချို့တွင်ကား မြစ်၊ ယခု ဖူရှင်းတွင်မူကား လင်းလက်တောက်ပသော နေမင်း တစ်စင်း ဖြစ်နေသည်ကို တွေ့ရသည်။
            စွမ်းအင်မှာ အလွန် အားကောင်းလှသောကြောင့် စကြာဝဋ္ဌာ၏ အဆီအနှစ်အား စုပ်ယူမည့်အလား ခံစားနေရသည်။ ရီဖူရှင်းက မိမိ သက်စောင့်ဟော်နန်းရှိ နေမင်းအား ထိတ်လန့်စွာ ကြည့်မိသည်၊ ချက်ချင်းပင် မိမိသည်ပင်လျင် နေမင်းဖြစ်နေသည်ဟု ခံစားလာရ၏၊ ထို့နောက် စကြာဝဠာအတွင်းရှိ သဘာဝစွမ်းအင်များက သူ့ခန္ဒာကိုယ်မှတစ်ဆင့် သူ၏ သက်စောင့်ဟော်နန်း၊ ကမ္ဘာသစ်ပင်ထံသို့ အဆက်မပြတ် စီးဆင်းလာကြ၏။
            ကမ္ဘာသစ်ပင်ကား ယခု မီးလျံများဖြင့် လွှမ်းခြုံထားသလို၊ နေမင်းကလည်း ပို၍ တောက်ပလာနေသည်။
           ဖူရှင်းက မိမိကိုယ်ကို နေမင်း၏ ဗဟိုတွင်တည်ရှိနေကာ လောင်ကျွမ်းနေသကဲ့သို့ (နေမင်းက မိမိကိုယ်ကို လောင်ကျွမ်းကာ ပတ်ဝန်းကျင်အား အလင်းရောင်ပေးသည့် ခံစားချက်)  ခံစားနေရလေ၏၊ သူ၏ အရိုး၊ အသား၊ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများအားလုံး မီးလျံထဲတွင် အဆက်မပြတ် သွန်းလုပ်နေသကဲ့သို့ပင်။
           "ငါ၏ သက်စောင့်ဝိညဏ် က ငါ၏ သက်စောင့်ဟော်နန်း တွင် တည်ရှိနေ၏..." ဖူရှင်း ရေရွက်လိုက်သည်၊ ချက်ချင်း သူတစ်စုံတစ်ခု၊ အမှန်တစ်ကယ် ဖြစ်ပျက်နေသော တစ်စုံတစ်ခုအား သတိပြုမိလေ၏၊ ချက်ချင်းသူက ပြန်၍ အာရုံစူးစိုက်လိုက်ရာ နေမင်း၏ ရောင်ခြည် ရောင်ဝါများက သူ၏ ဦးခေါင်းမှ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ ထိုအရာ က သူ၏ မျက်နှာအား ကျက်သရေရှိသော ခံစားချက်တစ်ခုကို ရစေသည်။
                 "မင်းရဲ့ သက်စောင့်ဟော်နန်း ထဲက သက်စောင့်ဝိညဏ်....ဒါက နေမင်း တစ်စင်းလား...." သူ့ဘေးတွင်ရပ်နေသော ယူချင်းက မေးလိုက်သည်။
                ဖူရှင်းက သူ့မျက်လုံးအား ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။  သူ့ခေါင်းမှ ရောင်ဝါများလည်း ပျောက်ကွယ်သွားသည်။ သူက တစ်ခုခုကို တွေးတောဟန်ဖြင့် ယူချင်းအား ကြည့်လိုက်၏။
                 "ကြည့်ရတာတော့ ဟော်နန်းထဲမှာ သက်စောင့်ဝိဉာဏ် လုပ်လို့ရသလိုပဲ....." ဖူရှင်းက ပြောသည်။
                 သေချာသည်၊ သူ၏သက်စောင့် ဟော်နန်းထဲမှ နေမင်းသည် သက်စောင့် ဝိဉာဏ် ဖြစ်သည်။ ထိုအရာက သူ့တန်ခိုးများအား တိုးလာစေသလို သူ့ခန္ဒာကိုယ်အတွင်းလည်း တိုးတက်မှုကို ပြသည်။
                ယူချင်း၏ မျက်လုံးများ တစ်လက်လက်တောက်ပလာသည်။ သူက ဖူရှင်းအား စိုက်ကြည့်ကာ ပျော်ရွှင်စွာဖြင့်ပြောသည်.....
               "ဒါဆို လုပ်စမ်းပါ.....ငါ့ကိုလည်း တစ်ခု လုပ်ပေး...."
               ဖူရှင်း ဘာပြောရမှန်းမသိဖြစ်သွားသည်။ ယူချင်းက တော်တော်လွန်တာ မဟုတ်ဘူးလား....၊ သူက တစ်ခြားလူတွေအတွက်သက်စောင့်ဝိညာဏ်ဘယ်လိုလုပ်ဖန်တီး၍ ရမည်နည်း။
            "အင်း မင်းဒီနေရာမှာပဲ ခုနကအိပ်မက်ကလေးကို ဆက်မက်နေလိုက်လေ...." ဖူရှင်းပြောကာ လှည့်ထွက်သွားသည်။
             "ဘယ်သွားဦး မလို့လဲ...." ယူချင်းက လှမ်းမေး၏၊
             "လေ့ကျင့်မယ်လေ....ငါတို့က အကောင် တစ်ချို့ကို လေ့လာစောင်ကြည့်ဖို့လိုတယ်....." ဖူရှင်းက ရယ်မောလျက် ပြန်ပြောသည်။ နေမင်းအား စောင့်ကြည့်ခြင်းက သူ့အဆင့်များအား အလွယ်တကူ မြင့်တက်စေခြင်းကြောင့် သူ့စိတ်များအလွန်တက်ကြွနေသည်။ သူက နိုးထခြင်း အဆင့် ငါးကို ရောက်ရန် ဖြစ်နိုင်သေးသည်ဟု တွေးသည်။ သို့သော်လည်း ထိုအဆင့်ရောက်ရန် စိတ်အားထက်သက်မှု၊ ခန္ဒာကိုယ်ကြံ့ခိုင်မှုနှင့် ဆင်ခြင်သုံ့သမှုများအား ပေါင်းစပ်ကာ လေ့ကျင့်ရန်လိုမည်ဖြစ်သည်။ စွမ်းအင် အဆင့်ငါးကို ရောက်ပါက  စိတ်နှင့်ခန္ဒာကိုယ် အားပေါင်းစပ်နိုင်သောကြောင့် သူ၏ သိုင်းကွက်များသည်လည်း အဆင့်အသစ်တစ်ခုသို့ ရောက်ရှိမည်မဟုတ်ပါလား၊ သူကြိုးစား လေ့ကျင့်ရပေမည်။
                တီအန်ယွာ တောင်စပ်တွင်ကား မိစ္ဆာကောင် အများအပြားရှိသည်။ တောင်၏ အတွင်းပိုင်းတွင်ပင်လျင် တစ်ခါတစ်လေ တွေ့နိုင်သည်။ ထို့ကြောင့် တောင်ကြောတစ်လျောက် ရှာဖွေနေရင်း မကြာမှီပင် အဆင့်လေး သစ်နက်ကျား မိစ္ဆာ တစ်ကောင်အား တွေ့ရ၏။
              "ယူချင်း....မင်းက ရှေ့က ပတ်လိုက်.....ငါက နောက်ကပဲ လိုက်မယ်..." ဖူရှင်းက ယူချင်းအား စေခိုင်းလိုက်၏။ ဖူရှင်း၏ အမိန့်အား ခေါင်းညှိတ်ပြီးသည်နှင့် ယူရှင်းက မြှားတစ်လင်းအလား ပြေးထွက်သွားသည်၊ သစ်နက်ကား အန္တရာယ် ၏ အငွေ့အသက်ကို ရဟန်တူသည်၊ ချက်ချင်းပင် လျပ်စီးလက်သကဲ့သို့ ပြေးထွက်ရန် ကြိုးစား၏။
              "ဝိဉာဏ်က စိတ်ကို ဖန်တီး၏၊ စိတ်က ကြံ့ခိုင်မှုကို လမ်းပြ၏၊ စကြာဝဠာ၏ ဖန်တီးသူ....၊ ကန့်သတ်မှုကို ကျော်ဖြတ်ကာ စွမ်းအင်များကို ထုတ်လွှတ်၏...."
              ဖူရှင်းက စွမ်းအင် ထုတ်လွှတ်ခြင်း၏ သိုင်းကျင့်စဉ်အား ရေရွက်နေခြင်းဖြစ်သည်။ သစ်နက်က ပြေးသည်နှင့် သူ့နောက်တွင် ပုံရိပ်များ ထင်ကျန်ရစ်၏။ ၄င်း ပုံရိပ်များက သူ့ စိတ်ထဲသို့ လာထင်ဟပ်လေသည်။ တစ်ဖြည်းဖြည်းနှင့်  သူ့ခန္ဒာက သစ်နက် ပုံရိပ်များအား သူမသိလိုက်ဘဲ ပုံစံတူ လှုပ်ရှားနေ၏၊ ဖူရှင်း သစ်နက်၏ပုံစံကို အတုယူကာ ပြေးရင်း တစ်ဖြည်းဖြည်းမြန်လာသည်။ သို့သော်လည်း သူက သစ်နက်၏ ကိုယ်ဟန်အား အပြည့်အဝ လိုက်လံတုပ၍ မရသေးပေ။ သစ်နက်က ဖူရှင်းထံမှ ပြေးလွှား ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းစွာပင် ယူချင်းက ရှေ့မှ တားဆီးထားနိုင်သည်။
         ဟုတ်တယ်၊ ဒါက ကြံ့ခိုင်မှု တစ်ခုတည်းမဟုတ်ဘူး၊ ဖူရှင်းက သတိထားမိလိုက်သည်။ ထိုအရာကား လေဓာတ်စွမ်းအင် ဖြစ်သည်။ သစ်နက်၏ အနီးတဝိုက်မှ လေထု၏ လှုပ်ရှားမှုများအား သူ သတိထားမိလာသည်။ သစ်နက်အား လေဓာတ်စွမ်းအင်များ လွှမ်းခြုံနေသည်ကို သူမြင်လာရသည်။ ဖြည်းဖြည်းချင်း သူ့ခန္ဒာကိုယ်ကလည်း ပတ်ဝန်းကျင်ရှိ လေဓာတ်စွမ်းအင်များအား စုပ်ယူနိုင်လာသည်ဟု ခံစားလာရသည်။ သူ့င်္အကျီ အဝတ်စများ တစ်ဖြတ်ဖြတ်လွင့်နေသည်၊ သူ့ လှုပ်ရှားမှုများ သစ်နက်အလား မြန်ဆန်လာသည်၊ နာရီဝက်ခန့်ကြာသောအခါ သူက လေထုနှင့် တသားတည်း ဖြစ်သွားသလိုခံစားလိုက်ရသည်။ သူ အောင်မြင်သွားပြီ။
           "ယူချင်း သစ်နက်မိစ္ဆာကို လွှတ်လိုက်တော့ ငါ...ရပြီ..." ဖူရှင်း က ပြေးနေသည်ကိုရပ်လိုက်ပြီး ယူချင်းကလည်း သစ်နက်အား လွှတ်ပေးလိုက်၏။
           "မင်းက ဘယ်လိုတောင် အတုခိုးတာ တော်ရတာလဲ....." ယူချင်က အံ့သြဟန်ဖြင့်မေးသည်။ သစ်နက်၏ လှုပ်ရှားမှု အနှစ်သာရအား နာရီဝက်အတွင်း ဖူရှင်း က ဖမ်းဆုပ်မိသည်ကို သူမျက်မြင်ကိုယ်တွေ့ပင်။
          "ငါ့မှာ လေဓာတ် အခြေခံ စွမ်းအင် ရှိတယ်လေ၊ သစ်နက်လှုပ်ရှားတာကို လိုက်ပြီးတော့ လေ့ကျင့်သရွေ့တော့ သစ်နက်ရဲ့ အမြန်နှုန်းကို ငါရအောင် လုပ်နိုင်တယ်၊ ကြည့်ရတာတော့ ဒီရက်ပိုင်း မင်းငါ့အတွက် နည်းနည်းတော့ ကူပေးရမယ် ထင်တယ်....."ဖူရှင်းက ရယ်မောလျက်ပြောကာ ဆက်လက် ထွက်ခွာသွား၏၊ ယူချင်းက ဘာမှ မပြောဘဲ တိတ်တဆိတ် နောက်မှ လိုက်ပါသွားသည်။
               ထိုနေ့ရက်များအတွင်းတွင် ဖူရှင်းက တီအန်ယွာ တောင်တွင် လေ့ကျင့်နေသည်၊ သူက မျောက်များ၊ ကျားများ၊ခြင်္သေ့များနှင့် ငှက်အမျိုးမျိုးတို့၏ လှုပ်ရှားပုံများအား အတုခိုးသည်၊ ထို့နောက် လေ့ကျင့်သည်၊ နေ့တိုင်း သူ၏ တိုးတက်မှုက သိသာထင်ရှားလှ၏။
              ဆယ်ရက်မြှောက်နေ့တွင် ဖူရှင်း နိုးထခြင်း အဆင့်ငါးသို့ တက်ရောက်သွား၏၊ ထိုနေ့တွင် ဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက် တောနက်တစ်နေရာအတွင်းသို့ ရောက်လာသည်၊ ရုတ်တရက် မြေကြီးက ဖိန့်ခနဲ တုန်ခါသွားသည်၊ ပတ်ဝန်းကျင်ရှိ သစ်ပင်များလည်း လှုပ်ရှားသွားသည်။ သူတို့၏ နားထဲကို ကြောက်မက်ဖွယ် ဟိန်းသံတစ်ချက် တိုးဝင်လာ၏။
            သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်ကြ၏၊ ထို့နောက် အသံလာရာ အရပ်သို့ ချဉ်းကပ်သွားကြသည်။ ပို၍နီးကပ်လာသည်နှင့်အမျှ မြေကြီးက ပို၍ တုန်ခါလာသည်၊ နောက်ဆုံးတွင် အရပ်ဆယ့်ခြောက်ပေခန့်ရှည်သော အလွန်ကြီးမားသော အကောင်ကြီးတစ်ကောင်အား တွေ့ရ၏။
            "ဟား...ဒါ....အဆင့်ကိုး မိစ္ဆာ ကောင်၊ မျောက်ဝံရိုင်းပဲ" ယူချင်း၏ မျက်နှာ တည်သွားသည်၊ မျောက်ဝံရိုင်းကား သူ့အတွက် အန္တရာယ် ရှိသည်ဟု ယူချင်း ခံစားရသည်၊ သို့ရာတွင်၊ ပို၍ အံသြဖို့ကောင်းသည်က မျောက်ဝံကြီး၏ ရှေ့တွင် လှပသော မိန်းမပျို တစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့ရ၏။
             မိန်းမပျိုကား အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ ဆံပင် များက လေနှင့်အတူ လွင့်ပါနေသည်ကို တွေ့ရ၏၊ သူမ၏ မျက်နှာ ပုံပန်းသွင်ပြင်မှာ အပြစ်အနာအဆာ ကင်းကာ အလွန်လှပသောကြောင့် ဒဏ္ဍာရီလာ နတ်သမီးအလား ထင်မှတ်ရစေသည်။
              "သူမက ဟွာဂျီယူ ပဲ...ငါသူမ ကို သိတယ်..."
              သူမကား ချင်းကျူ ကျောင်းတော်၏ ပုံပြင် တစ်ပုဒ် မဟုတ်ပါလား၊ ဖူရှင်းက သူမ၏ လှပမှုအား အံသြချီးကျူး မိ၏။
              "ငါတို့ ကူညီသင့်လား...."
               "ခဏနေဦး...မျောက်ဝံက ဒဏ်ရာ ရထားတယ်...." ဖူရှင်းက  မျောက်ဝံမှာ တစ်ကိုယ်လုံးအနှံ့ ဒဏ်ရာ အပြင်းအထန်ရထားပြီး မိန်းမပျို မှာ အန္တရာယ် ကင်းသည်ကို သတိထားမိ၏၊
              ရုတ်တရက် မျောက်ဝံက ကျယ်လောင်သော ဟိန်းသံတစ်ချက်ပေးကာ မိန်းမပျိုထံသို့ ပြေးဝင်သွားသည်၊ အရွယ်အစားကွာခြားလွန်းသောကြောင့် မျောက်ဝံကြီး၏ ရိုက်ချက် တစ်ချက်မျှပင် မခံနိုင်ဟု ထင်ရသော်လည်း မိန်းမပျိုက မျောက်ဝံ၏ တိုက်ခိုက်မှုကို လျင်မြန်စွာရှောင်တိမ်းကာ  အနီးရှိသစ်ပင် တစ်ပင်ထံသို့ ခုန်လွှားသွား၏၊
             ချက်ချင်းပင် မျောက်ဝံကြီးက နံဘေးမှ သစ်ပင် တစ်ပင်အား ဆွဲနှုတ်ကာ ဟွာဂျီယူ ထံသို့ ဝှေ့ယမ်းလိုက်၏၊ သစ်ပင်ဝှေ့ယမ်းရာမှ ထွက်ပေါ်လာသော လေထုပေါက်ကွဲသံများမှာ မိုးခြိမ်းသံအလားပင်၊ မိန်းမပျိုကား တည်ငြိမ်စွာပင် လေထုထဲမှတစ်ဆင့် သစ်ပင် တစ်ပင်နှင့်တစ်ပင် ခုန်ကူးကာ တိမ်းရှောင်နေသလို သစ်ရွက်များအားလည်း လက်နက်ပုန်း အဖြစ် အသုံးချကာ မျောက်ဝံထံသို့ ပစ်လွင့်နေသည်၊ သစ်ရွက်များက လေတိုးသံများပေးကာ ဓားသွားများအလား မျောက်ဝံထံသို့ အဆက်မပြတ် တိုးဝင်လာနေ၏။
               မျောက်ဝံက သစ်ရွက်များအား သစ်ပင်ဖြင့် ကာကွယ်ရန်ကြိုးစားသည်၊ သစ်ရွက်များက နေရာတိုင်းကို ပျံ့နှံ့နေသည်၊ မကြာခင် သစ်ပင်မှာ အစိတ်အပိုင်းများအဖြစ် ပြတ်တောက် သွားကာ ပျက်စီးသွားသည်။
              ပတ်ဝန်းကျင်တွင် ကား ကျောက်တုံး၊ ကျောက်ခဲများ ပျံ့ကျဲနေသည်၊ ဟွာဂျီယူက သစ်ပင်တစ်ပင်၏ နောက်ကျောသို့ ကျောမှီလျက် ပုန်းကွယ်လိုက်၏၊ ထို့နောက် သူမ၏ မျက်လုံးအား မှိတ်လိုက်သည်၊ ထိုစဉ် သူမ အနီးပတ်ဝန်းကျင်ရှိ ပျံ့ကျဲနေသော ကျောက်တုန်း၊ ကျောက်ခဲများ လေထုထဲသို့ ပေါလော မျောလာကြသည်၊ သူမ၏ မျက်လုံး တွင် အရောင်တစ်ချက်လက်သွားသည်၊ ချက်ချင်းပင် ကျောက်တုန်း ကျောက်ခဲများအားလုံး မျောက်ဝံထံသို့ ဓားသွားများကဲ့သို့ စုပြုံကာ တိုးဝင်သွားကြသည်၊ သူတို့က မျောက်ဝံ၏ ခံစစ်အား ဖြည်းဖြည်းချင်း တိုက်စားဖျက်ဆီးကာ နောက်ဆုံး အရေပြားများ စုတ်ပြတ်လာပြီး အသားများကွဲအက်လာနေသည်ကို ကြောက်မက်ဖွယ်တွေ့မြင်ရသည်၊ ပို၍ ကြောက်စရာကောင်းသည်ကား ရုတ်တရက် ဟွာဂျီယူ ထံမှ သူမ၏ စွမ်းအင်ဖြင့် ဖန်တီးထားသော အားလှိုင်းတစ်ခုက မျောက်ဝံ၏ မျက်လုံးများအား ထိုးဖောက်သွားခြင်းပင်။
            "ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ သိုင်းကွက်လဲ..." ဖူရှင်း ထိတ်လန့်သွားသည်၊ မျောက်ဝံကား အလွန်အမင်း နာကျင်သောကြောင့် စူးရှစွာ အော်ဟစ်ကာ ထွက်ပြေးရန်ကြိုးစား၏၊ သူ၏ လမ်းတစ်လျောက် သစ်ပင်များအား ဝင်တိုးကာ ပြေးလွှား ပျောက်ကွယ်သွားသည်၊ မိန်းမပျိုက မျောက်ဝံ၏ နောက်သို့ လိုက်မသွားပေ၊
သူမက ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးအလား မြေပြင်ပေါ်သို့ လှပစွာ ဆင်းသက်လိုက်သည်။
             "ကြည့်ကောင်းတယ်ပေါ့ ဟုတ်လား...."
              သူမက မနီးမဝေးမှ သစ်ပင်တစ်ပင်အား ကြည့်ကာ ပြောလိုက်သည်၊ ဖူရှင်းနှင့် ယူချင်းလည်း ပုန်းကွယ်နေရာမှထွက်လာကာ သူတို့၏ အသက်အရွယ်မျှပင်ရှိသေးသော မိန်းမပျိုအားကြည့်ကာ ထိတ်လန့်သွားသည်၊
              "မင်းက ဓာတ်နှစ်မျိုး မှော်ပညာရှင် ဟုတ်လား....တစ်ကယ်ကြီးလား..." ဖူရှင်းက အံသြစွာ လှမ်းမေးလိုက်၏၊  
           "ငါ နင့်ကို သိတယ်...." သူမက ဖူရှင်း၏ အမေးကို မဖြေပေ၊ ၄င်းအစား သူမက ဖူရှင်းအားစိုက်ကြည့်လိုက်၏၊
           "ကြည့်ရတာ ငါအတော် ကျော်ကြားတာပဲ...ဟား..ဟား..." ဖူရှင်း ပြုံးလိုက်သည်၊ သူ့အားကြည့်ရသည်မှာ ကျောင်းတော်၏ အလှနတ်သမီးက သူ့အား သိသည်ကို အလွန် ဂုဏ်ယူ ဝမ်းမြောက်နေပုံရ၏၊  
           "ဒါက လွန်ခဲ့တဲ့ သုံးနှစ်က ကျောင်းဝင်ခွင့်စစ်ဆေးခြင်း နေရာမှာ ၊ ငါတို့စတွေ့တုန်းက နင်ပြောတာ ငါ ကြားခဲ့တယ်" သူမက ပြုံးလျက်ပြောသည်။
           "ဟမ်...." ဖူရှင်းက အနည်းငယ် ကိုးရိုးကားယား ဖြစ်သွားသည်၊ သို့သော် ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်၊ သူက....
           "ငါ ဘာပြောခဲ့တာလဲ" မေးလိုက်သည်။
            "နင်မေးတယ်လေ ငါ့ကို နတ်သမီးလား တဲ့....."  သူမက ပြုံးလျက် ပြန်ပြောသည်၊ ထို့နောက် လေထုထဲသို့ ခုန်လွှားကာ သစ်ပင်များကြားသို့ တိုးဝင်ပျောက်ကွယ်သွား၏။
             မှန်တာပေါ့၊ သူက သူမ၏ စကားကြောင့် စက္ကန့်အနည်းငယ် တွေဝေသွားသည်၊ ထို့နောက် သူမ ပျောက်ကွယ်သွားရာဘက်ကို ကြည့်ကာ ခေါင်းညှိတ်လိုက်၏၊
          "ကြည့်ရတာ မင်းက မှတ်မိပုံရတယ်နဲ့တူတယ်...."
          ယူချင်းလည်း သူမ ပျောက်ကွယ်သွားရာ အရပ်ကို ငေးကြည့်လျက် ပြောသည်၊ ဖူရှင်းက လွန်ခဲ့သော သုံးနှစ်ခန့်က အချိန်အား ပြန်တွေးမိသည်၊သူအသက်ဆယ့်နှစ်နှစ်ခန့်က ဟွာဂျီယူအား ပထမဆုံး တွေ့ဆုံစဉ် ယူချင်းအား ပြောခဲ့သည်....."သူမက လူသားတစ်ယောက်အနေနဲ့ အရမ်းလှလွန်းတယ်....နောက်နှစ်အနည်းငယ်အတွင်း သူမက နတ်သမီးအလား ဖြစ်လာလိမ့်မယ်၊ ယောကျာ်း တွေအတွက် အန္တရာယ် များတဲ့ နတ်သမီးပေါ့...."
         "တစ်ချို့က ဟွာဂျီယူက နိုးထခြင်း အဆင့်ကိုး ကိုရောက်နေပြီလို့ ပြောကြတယ်၊ ပြီးတော့ သူမက သိုင်းပညာရော မှော်ပညာရော နှစ်မျိုးလုံး လေ့ကျင့်တယ်တဲ့၊ သူမ သုံးတဲ့ သိုင်းကွက်တွေ ဘယ်လောက် ကောင်းမယ်ဆိုတာ ငါ ခန့်မှန်းမရဘူး၊ တစ်ခြား စွမ်းအင် အဆင့်ကိုးသိုင်းသမားတွေ သူ့လို လုပ်နိုင်မယ် လို့ ငါမထင်ဘူး....၊ကောလဟာလတွေအရတော့ သူမက မှော်ထိန်းချုပ်သူ တစ်ယောက်တဲ့၊ ကျောင်းတော်က ဘိုးအေ တစ်ချို့တောင် သူမကို တပည့် မွေးဖို့ ယှဉ်ပြိုင်နေကြတာဆိုပဲ၊ ယောကျာ်းလေးတွေက လည်း သူမကို လိုက်ပိုးကြတာပဲ၊ ဒါပေမယ့် ဘယ်သူမှ သူမ အနားကို ကပ်နိုင်တယ် မကြားမိသေးဘူး...." ယူချင်းက ပြောသည်။
           "ဒါနဲ့ မင်းနှလုံးသားကို ကိုင်လှုပ်သွားတယ် ဆိုပါတော့...." ဖူရှင်းက ရယ်မောလျက် စနောက်လိုက်သည်။
           ယူချင်းက ခေါင်းယမ်းလိုက်သည်၊ ပြီးမှ....
            "ငါထင်တာကတော့ သူမက မင်း ကြောင့် စကားလာပြောတာပဲ...."
            "ကဲ...ဟုတ်ပါပြီ ဒါဆိုလည်း မစဉ်းစားနဲ့တော့..." ယူချင်း ပုခုန်းအား လက်တင်ကာ သူကပြောသည်။  
            ထို့နောက် အဝေးကို ငေးလျက် ပြုံးရွှင်စွာ ပြောလိုက်သည်.....
            "ရိုးရိုးသားသား ပြောရရင် ငါ တစ်ကယ်လည်း သူ့ကို လက်ထပ်ချင်မိတယ်...သူမက ငါစဉ်းစားတဲ့ လက်ရွေးစင် စာရင်းထဲမှာပါတယ်...."
            "လက်ရွေးစင်......" ယူချင်း က ပြောပြီး ထွက်သွားသော ဖူရှင်း၏ ကျောပြင်အား ကြည့်ကာ စိတ်ထဲမှ ဆဲရဲလိုက်သည်၊ လက်ရွေးစင်ပဲလား၊ ဘယ်လောက် မိုက်ရိုင်း လိုက်သလဲ သူတွေးကာ  နောက်မှ လိုက်ပါသွားသည်။

No comments:

Post a Comment