ဒဏ္ဍာရီထဲကဖူရှင်း
==========
အပိုင်း(၉)
--------
သူမက မထင်မှတ်ဘဲ ဖူရှင်း၏ နံဘေးနေရာတွင် နေရာယူလိုက်၏၊ ထိုမြင်ကွင်းက သူမ၏လှုပ်ရှားမှုများအား စိတ်ဝင်တစ်စားကြည့်နေသော ပုရိသများစွာတို့၏ မျက်လုံးများကို ပြာဝေသွားစေသည်၊ ထို ရီဖူရှင်း…….၊ သုံးနှစ်အတွင်း မည်သည့်စာမေးပွဲမှ မဖြေဆိုဖူးသောသူ၊ ဖန်းရှင်းဇွီ ၏ ငြင်းပယ်ခြင်းအား ခံထားရသူ၊ ထိုသို့ ကျောင်းတော်မှ ထုတ်ခံရလုနီးပါး လူက ယခု ကျောင်းတော်၏ အလှနတ်သမီးနှင့်အတူ ယှဉ်တွဲထိုင်လျက် စာမေးပွဲဖြေရတော့မည်။
“ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ ခွေးကောင်လဲ…..”
လူတိုင်းက သူ့အား မနာလို ဖြစ်ကြသည်၊ သူ၏ ပထမဆုံးအကြိမ် စာမေးပွဲတွင်ပင် ဟွာဂျီယူ ၏ ဘေးတွင် ထိုင်ကာ စာမေးပွဲဖြေရသည်၊အထူးသဖြင့် ဟွာဂျီယူ က ထောင့်စွန်းဆုံးမှ နေရာတွင် ထိုင်ခြင်းဖြစ်သောကြောင့် အလိုအလျောက်ပင် ဖူရှင်းမှာ သူမ၏ဘေးမှထိုင်ခွင့်ရသော တစ်ဦးတည်းသော မောင်ကံကောင်းဖြစ်ပေသည်၊ ထိုကဲ့သို့သော အခွင့်အရေးအားကြည့်ကာ တစ်ခြားလူများ မည်မျှခံစားရမည်ကို ခန့်မှန်းနိုင်ပေသည်၊
ဖူရှင်းက သူ့အားစိုက်ကြည့်နေကြသော ဒေါသမျက်လုံးများအား ခံစားမိသည်၊ သူက မိမိဘေးမှ မိန်းကလေးအား တစ်ချက်လှမ်းကြည့်လိုက်သည်၊ သူမကား ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအား ဂရုစိုက်ပုံမရဘဲ သိမ်မွှေ့ တိတ်ဆိတ်စွာ ထိုင်နေသည်။
ဒီမြေခွေးမ……ငါ့ကိုတမင် ချောက်ချတာထင်တယ်……ဖူရှင်းစိတ်ထဲမှ အပြစ်တင်လိုက်သည်၊ သူကား မူလက စာမေးပွဲတွင် တိတ်ဆိတ် အေးဆေးစွာ ဖြေဆိုမည်ဟု ရည်မှန်းထားသော်လည်း ယခုမူကား ဆန့်ကျင်ဘက်အားဖြင့် လူအများ၏ အာရုံစိုက်မှု မုန်းတီးမှုများအား ခံယူနေရ၏၊
ပြိုင်ပွဲနေရာတွင် လူများ တစ်ဖြည်းဖြည်းပြည့်နှက်လာသည့်အလျောက် ဟွာဂျီယူ ၏ ပတ်ဝန်းကျင်ရှိထိုင်ခုံများမှာလည်း နေရာလပ်မကျန်အောင် ပြည့်နှက်နေလေပြီ။
“နေရာလဲလို့ရမလား….” ရုပ်ရည်ချောမောသော လူငယ်တစ်ဦးက ဖူရှင်း၏ အနီးသို့ ကပ်လာကာ မေးသည်၊
ဖူရှင်းက ထိုင်နေရာမှ မော်ကြည့်လိုက်ရာ ထိုလူငယ်နှင့် မျက်လုံးချင်း ဆုံ၏၊ သူ၏ မျက်နှာတွင် မိမိကိုယ်ကို ယုံကြည်မှု၊ ဝင့်ကြွားမှုများအား အတိုင်းသားမြင်နေရသည်၊
“အဲဒါ ယန်ဇူ ပဲ……” လူတိုင်းက အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြ၏၊ ယန်ဇူကား ရေးဖြေ စာမေးပွဲတွင် ပြီးခဲ့သည့် သုံးနှစ်လုံး ဒုတိယ ရထားသူဖြစ်သည်၊ သူက ဟွာဂျီယူ အား ကျော်ဖြတ်ကာ ပထမ ရလိုသည်၊ လူတိုင်းက ယန်ဇူမှာ ဟွာဂျီယူ အား တိတ်တခိုးကြိုက်နေသည်ကို သိကြ၏။
ယန်ဇူကား အမှန်တစ်ကယ်လည်း ကျောင်းတော်၏ ပါရမီရှင် ကျောင်းသား တစ်ယောက်ဖြစ်သည်၊ သူကား ရေးဖြေစာမေးပွဲတွင်သာ ရလဒ်ကောင်းများရထားသည်သာမက သူ၏ မီးဓာတ်စွမ်းအင်အား အာရုံခံနိုင်စွမ်းမှာ အလွန်မြင့်မားလှရာ နိုးထခြင်းစွမ်းအင် အဆင့် ခုနစ်ကို ရောက်နေပြီးဖြစ်သည်၊ ဟွာဂျီယူအား အနည်းငယ်သော ကွာခြားချက်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း သူကား အတော်ဆုံး ပြင်ပကျောင်းသားများထဲမှ တစ်ယောက်ပင်။
ဖူရှင်းက ယန်ဇူ အားကြည့်ကာ အနည်းငယ်စဉ်းစားဟန်ပြုလိုက်သည်၊ ထို့နောက်….
“သေချာတာပေါ့………..”
ပတ်ဝန်းကျင်ရှိ လူများအားလုံး အံ့သြမာန်သက်သွားသည် ၊ သူတစ်ကယ် လက်လျှော့လိုက်တာလား……။
“လို့ မဆိုလိုဘူး……” ဖူရှင်း သရော်သည့်ဟန်ဖြင့် ပြုံးလျက် ပြောလိုက်၏၊ ဖူရှင်းဆက်ပြောလိုက်သော စကားအားကြားကာ မူလက ပြုံးနေသော ယန်ဇူ ၏ မျက်နှာ မဲမှောင်သွားသည်၊
“ငါမင်းကို သိတယ်……မင်းက သုံးနှစ်လုံး ကျောင်းတော်မှာ ဘာစာမေးပွဲမှ ဝင်ဖြေခဲ့တာမရှိခဲ့ဘူး၊ ကျောင်းတော်က မင်းကို ထုတ်ပယ်တော့မှာမလား……ဒီမှာဘာလို့ အချိန်ဖြုန်းနေတာလဲ……” ယန်ဇူ က ဒေါသကို ထိန်းချုပ်ကာ ပြန်၍ သရော်လိုက်၏၊
“ဒါပေမယ့် ငါအခု ဖြေနေတယ်လေ….” ဖူရှင်းက ဆက်၍ ပြုံးနေလိုက်သည်၊
“ဟားဟား….စာမေးပွဲမှာ အရှက်ရမှာတော့ ငါမြင်ယောင်နေတယ်…” ယန်ဇူက ရယ်မောလျက် ပြောလိုက်သည်၊ ထို့နောက် ဖူရှင်း၏ ဘေးမှ ဟွာဂျီယူ အား တစ်ချက်ကြည့်ကာ သူ့နဂိုနေရာသို့ ပြန်သွားလိုက်သည်၊ သူက အလွန်အရေးကြီးသော တိုက်ပွဲတစ်ခုအား တိုက်ခိုက်တော့မည့် စစ်သူရဲကောင်းတစ်ဦး၏ ဟန်ပန်အပြည့်ဖြင့် သူ၏ နေရာတွင် ထိုင်လိုက်သည်။
ဖူရှင်းက နေရာလဲရန်ငြင်းပယ်သည်ကို လူတွေက သိပ်မအံ့သြကြတော့ပေ၊ သူ၏ နေရာတွင် တစ်ခြားသူများဆိုလျင်လည်း ဖယ်ပေးကြမည်မဟုတ်ပေ၊ သို့သော် သူ၏ လက်ရှိအခြေအနေဖြင့် ဟွာဂျီယူ၏ ဘေးတွင် ထိုင်ခွင့်ရနေသည်မှာ ဆီလျော်သည်ဟု မထင်ကြပေ၊ သူကား မကြာခင် ကျောင်းထုတ်ခံရတော့မည့် ကျောင်းသားမဟုတ်ပါလား၊
ပြင်ပကျောင်းတော်သားများက မိမိနေရာကိုယ်စီ ယူပြီးကြသောအခါ တရားဝင်ကျောင်းတော်သားများက ၄င်းတို့အားလုံးအား လေးထောင့်ပုံစံဖြင့် ပတ်ပတ်လည်မှ ဝိုင်းရံလိုက်ကြ၏၊သို့သော် စုစုပေါင်း စားပွဲပေါင်း သုံးထောင်ရှိသော်လည်း တစ်ကယ်တမ်း စာမေးပွဲဝင်ဖြေသူကား တစ်ထောင်ကျော်ခန့်သာရှိ၏၊ ကျောင်းတော်မှ စစ်ဆေးသော စာမေးပွဲမှာ အလွန်ခက်ခဲသောကြောင့် ကျောင်းသားအများစုမှာ မိမိပိုင်နိုင်သော အခြေအနေရောက်မှ စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြလေ့ရှိသည်၊ သို့မှသာလျင် ကောင်းမွန်သော ရလာဒ်အား ပိုင်ဆိုင်မည် မဟုတ်ပါလား၊ သို့သော် ဖူရှင်းကဲ့သို့ သုံးနှစ်အတွင်း မည်သည့်စာမေးပွဲကိုမျှ ဖြေကြားခြင်း မရှိသည်ကား တစ်ခါမှပင် မကြားဖူးပေ၊ ကျောင်းတော်ကပင်လျင် သူ့အား သည်းခံစိတ်ကုန်ဆုံးလာပြီဖြစ်သည်။
ပြိုင်ပွဲရှေ့တည့်တည့်တွင်ကား တာဝန်ရှိသူများနှင့် တရားဝင်ကျောင်းသားအချို့ ထိုင်နေကြသည်၊ ချင်ယီက ဖူရှင်းအား ကြည့်လိုက်၏၊ သုံးနှစ်ခန့်ကြာပြီးနောက် နောက်ဆုံးတွင် သူကား စာမေးပွဲဝင်ရောက်ဖြေဆိုလေပြီ၊ သူတစ်ခုခုလုပ်ပြနိုင်မည်လား သူမ မသိပေ၊ သို့သော် မျော်လင့်ချက် အနည်းငယ်တော့ ရှိသည်။
“ယန်ဇူ က ကျော်းတော်ရဲ့ ဂမ္ဘီရ ကျောင်းဆောင်တွေနဲ့ ဆက်သွယ်ပြီးသွားပြီ၊ အခု ရာသီကုန်စာမေးပွဲပြီးတာနဲ့ သူက ကျောင်းတော်ရဲ့ တရားဝင်ကျောင်းသားဖြစ်တော့မှာ၊ ရီဖူရှင်း လိုဘာမှ အသုံးမကျတဲ့ကောင်က ယန်ဇူ ရှေ့မှာ ဒီလိုပြောရဲတယ်ဆိုတာတော့ တော်ရုံသတ္တိနဲ့မရဘူး….ဟင်း…” မိုလန်ရှန် က နှခေါင်း ရှုံ့လိုက်သည်၊ သူ၏ ဘေးမှ ချင်ယီ ကြားလောက်အောင်ပင် သူက တမင်ပြောခြင်းဖြစ်သည်၊
ချင်ယီ မျက်မှောင်ကုပ်သွားသည်၊ ရီဖူချင်းကား အမှန်တစ်ကယ် ပြသနာကောင်ဖြစ်သည်၊ သို့သော် အသုံးမကျသောကောင်ဟု ပြောရန်ကား မလိုအပ်ဟု သူမထင်သည်၊
“သူနဲ့ ပတ်သက်ပြီး မကြေနပ်တာ ရှိလို့လား ” ချင်ယီက မိုလန်ရှန် အား ငဲ့စောင်းလျက် မေးလိုက်၏၊
“သေချာတာပေါ့…..ဒီကောင်က ဘာမို့လို့ မင်းကို စာသင်ခန်းထဲမှာ အဓိပ္ပာယ် မရှိတာတွေပြောရတာလဲ…..မင်းက သူ့ကို ဘာလို့ဒီလောက်မျော်လင့်ထားတာလဲဆိုတာ မယုံနိုင်ဘူး….မင်းရဲ့အချိန်တွေကို ဘာလို့ဖြုန်းနေရတာလဲ….” မိုလန်ရှန် က ပြောသည်။
ချင်ယီက ဘာပြန်ပြောရမည်မှန်း မသိတော့ပေ၊ ဖြစ်နိုင်သည်က လွန်ခဲ့သော သုံးနှစ်ခန့်က ဖူရှင်းပြသခဲ့သော သူ၏ ပါရမီ၊ သူ၏ စွမ်းဆောင်ရည်အား အလဟသ မဖြစ်စေချင်သောကြောင့် ယခုကဲ့သို့ သူ့ထံမှ တစ်ခုခုမျှော်လင့်နေမိသည်ထင်၏၊ သူကား အမှန်တစ်ကယ်ပင် ယခုကဲ့သို့ အဆုံးမသတ်သင့်ဟု သူမထင်သည်။
“အချိန်ကျပြီ စာရွက်တွေ ဝေတော့…..” စာမေးပွဲကြီးကြပ်သူလူကြီးတစ်ယောက်က အမိန့်ပေးလိုက်သည်နှင့် ပတ်ပတ်လည်မှ တရားဝင်ကျောင်းသားများက စားပွဲများကိုလိုက်လံ၍ စာရွက်များဝေကြသည်၊ ရာသီကုန်စာမေးပွဲကား စတင်လေပြီ။
ချက်ချင်း ကွင်းကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်၊ လာရောက်ကြည့်ရှုသူများထဲတွင် ကျောင်းတာဝန်ရှိသူများ၊ အရာရှိအရာခံများ၊ ကျောင်းသားမိဘများ၊ ပညာရှင်များ ပါဝင်သည်၊ သူတို့အားလုံးက စာမေးပွဲချိန်အတွင်း တိတိဆိတ်နေခြင်းက စာမေးပွဲဖြေဆိုသော ကျောင်းသားများအတွက် အရေးပါသည်ကို သိကြသည်၊
ဖန်းရှင်းဇွီ က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်၊ ယခုစာမေးပွဲကား သူမအတွက် အလွန်အရေးပါလှသည်၊ ယခု စာမေးပွဲတွင် အဆင့်ကောင်းကောင်းရမှသာလျင် ကျောင်းတော်၏ စာကြည့်တိုက် ဒုတိယ ထပ်သို့ တက်ခွင့်ရရန် မျှော်လင့်ချက်ရှိသည်၊ ထိုမှသာလျင် ပိုမိုများပြားသော သိုင်းစာအုပ်များ၊ သိုင်းမှတ်စုများအား ဖတ်ရှုခွင့်ရပေမည်၊ သူမက မေးခွန်းများအား ဂရုတစိုက်ဖတ်ကာ စတင်ဖြေကြားလိုက်သည်၊
လင်းရှာက သူ၏ မေးခွန်းစာရွက်အား မကြည့်ခင် ဖူရှင်းအား တစ်ချက် လှမ်းကြည့်လိုက်သည်၊ သူက ဖူရှင်း၏ ဘေးခုံမှ ဟွာဂျီယူ အားလည်းမြင်သည်၊ သူ၏ မျက်နှာက မနာလိုစိတ်များဖြင့် မဲမှောင်သွားသည်၊ ဟွာဂျီယူ ကား သူ၏ စိတ်ကူးယဉ် အလှနတ်သမီးဖြစ်သည်၊ အဘယ်ကြောင့် ရီဖူရှင်းက သူမ၏ ဘေးနေရာတွင် ထိုင်ခွင့်ရသနည်း….သူစိတ်မသက်မသာတွေးလိုက်သည်၊
ဟွာဂျီယူကား တိတ်ဆိတ်စွာပင် စတင်ဖြေနေလေပြီ၊ သူမ၏ မျက်နှာတွင် အေးချမ်းသော အရိပ်အယောင်အားတွေ့ရကာ ယုံကြည်မှုရှိသော ပုံစံဖြစ်သည်။
ရီဖူရှင်းက မေးခွန်းအား အစအဆုံးဖတ်ကာ တစ်ချက်ပြုံးလိုက်သည်၊ ထို့နောက် စုတ်တံအားကောက်ကိုင်ကာ မေးခွန်းများအား တစ်ခုချင်း ဖြေကြားလိုက်သည်၊ သူ၏ ပထမဆုံး ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲကား နောက်ဆုံးတွင် သူ၏ရှေ့ကိုရောက်နေပြီဖြစ်သည်၊ လူအများစုက စာမေးပွဲအပြီးတွင် သူ့အား အရှက်ခွဲရန်စောင့်နေကြသည်ကိုလည်း သူသိသည်၊ ဤစာမေးပွဲပီးလျင် သူ့အား ကျောင်းထုတ်တော့မည် မဟုတ်ပါလား၊ သို့သော် သူပြုံးလိုက်သည်၊ ထိုသူများအား သူက နောက်တစ်ခါ စိတ်ပျက်စေရပေဦးမည်။
မေးခွန်းများမှာ သိုင်းကျင့်စဉ် အခြေခံအကြောင်းအရာများကို အစဉ်လိုက် လွယ်ရာမှ ခက်ရာသို့ စီထားခြင်းဖြစ်သည်၊အစပိုင်းမေးခွန်းများမှာ ကျောင်းသားအများစုက အလွယ်တကူ ဖြေနိုင်စွမ်းရှိကြသည်၊
ရီဖူရှင်း၏စုတ်တံက စာရွက်ပေါ်တွင် တစ်ဖြည်းဖြည်းရွေ့လျားနေသည်၊ သူက မေးခွန်းများအာလုံးကို အေးဆေးစွာ ဖြေနိုင်လေသည်၊
......စိတ်ဝင်စားဖို့ကောင်းသားပဲ……..ရီဖူရှင်းက ပေးထားသော မေးခွန်းဆယ်ထဲမှ မေးခွန်းနံပါတ်တစ်ခုအား ဖတ်ကာ ပြောလိုက်သည်၊ အကယ်၍ မြင်းစစ်သည်နှင့် မှော်ဆရာ တိုက်ခိုက်လျင် မှော်ဆရာ၏ သဘာဝစွမ်းအင် ကုန်ဆုံးသွားပါက၊ သင်သည် မြင်းစစ်သည်နေရာတွင် မည်သို့လုပ်မည်နည်း၊ သင်က မှော်ဆရာနေရာတွင်ဆိုပါက မည်သို့လုပ်မည်နည်း။
သူက အဖြေကို လျင်မြန်စွာ ရေးချလိုက်သည်။
အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားသည်၊ တစ်ချို့သော ကျောင်းသားများကား ချွှေးများပင်လျင် စို့နေကြလေပြီ၊ နောက်ပိုင်း မေးခွန်းများမှာ ပို၍ ရှုပ်ထွေးသဖြင့် ဖြေဆိုရန် အလွန်ခက်ခဲလှသည်။
မေးခွန်းတစ်ခုမှာ အဆင့်တူသော သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့နှင့် ဂမ္ဘီရ ပညာရှင် အဖွဲ့တစ်ဖွဲ့ တိုက်ခိုက်ခဲ့ပါက မည်သည့် အဖွဲ့အနိုင်ရမည်နည်း ဟူ၍ ဖြစ်သည်၊
အုပ်စုဖွဲ့တိုက်ခိုက်ခြင်းတွင်ကား သိုင်းပညာရှင်အဖွဲ့အတွင်းတွင် ကွဲပြားခြားနားသော သိုင်းပညာရှင်များပါဝင်နိုင်သလို မှော်ပညာရှင်အဖွဲ့အတွင်းတွင်လည်း မတူကွဲပြားသော ဓါတ်စွမ်းအင်အခြေပြု မှော်ပညာရှင်များ ပါဝင်နိုင်ပေသည်၊ အကယ်၍ မှော်ပညာရှင်များက အတူလက်တွဲ၍ တိုက်ခိုက်ပါက အားနည်းချက်ရှာရန် အလွန်ခက်ခဲနိုင်သလို သိုင်းပညာရှင် အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအင်အားလည်း လျော့တွက်၍ မရပေ၊ ဖူရှင်းက ပြုံးလျက် သူ၏လေ့လာသုံ့သချက်အား ချရေးလိုက်၏၊ သူက မေးခွန်းများအားလုံး ဖြေကြားပြီးနောက် စုတ်တံအား ဘေးတွင် အသာအယာချလိုက်သည်။
တိုက်ဆိုင်စွာပင် သူ၏ဘေးမှ ဟွာဂျီယူကလည်း မေးခွန်းများအား ဖြေကြားပြီးကာ စုတ်တံအား ချလိုက်သည်ကို တွေ့ရသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏၊ ရီဖူရှင်းက သူမအား မချိတင်ကဲ ကြည့်ကာ ပြုံးလိုက်သည်၊ သူမက သူ့အား မည်မျှပင် ရည်ရွယ်ချက်ရှိရှိ ဂျောက်ချသော်လည်း သူမကား အသက်ရှူ မှားလောက်အောင် လှပသည် မဟုတ်ပါလား။
စာမေးပွဲဖြေသူများထဲမှ သူတို့အချင်းချင်း အပြန်အလှန်အကြည့်ချင်း ဖလှယ်သည်ကို မည်သူမျှ သတိမထားမိသော်လည်း စာမေးပွဲကြီးကြပ်သူများထဲမှ တစ်ယောက်က သတိထားမိလိုက်သည်၊
“သူမက အခုလည်း တူတူပဲ အရင်ကလို ပထမ ဆုံးဖြေပြီးသွားတယ်….” ကျောင်းတော်၏တာဝန်ခံလူကြီးတစ်ယောက်က ပြောသည်၊တိတ်တဆိတ်ပင် ထိုင်ကာ သူမ၏မေးခွန်းများအားသာလျင် အာရုံစိုက်နေသော်လည်း သူမကား လူအများစုက စောင့်ကြည့်ခံရသူမဟုတ်ပါလား။
“မဟုတ်ဘူး….သူ့ဘေးက ကောင်လေးက အရင် ဖြေပြီးတာ….ဒါပေမယ့်….ဒီကောင်လေးရဲ့ အဖြေက တလွဲတွေ ထင်တယ်” နောက် လူကြီးတစ်ယောက်က ပြောသည်၊ သူက ထိုသို့ပြောကာ ပြုံးလျက် ခေါင်းယမ်းလိုက်သည်၊ ဟွာဂျီယူလို အလှပဂေး တစ်ယောက်အား ဘေးမှာထားလျက် စာမေးပွဲဖြေရသည်က ရီဖူရှင်းအတွက် မည်မျှအခက်အခဲဖြစ်မည်ကို သူခန့်မှန်းမိသည်။
“ဝိုး…..ကြည့်ပါဦး….ဒီကောင် ဘယ်လောက်တောင် အမြန်ဖြေပြီးသွားတာလဲ…ဒီကောင် ကြိုးစားဖို့ မင်းဘယ်လောက် တွန်းအားပေးခဲ့သလဲ…အခု သူက ဘေးက မိန်းကလေးကို ဘယ်လို မျက်နှာလုပ်မလဲဆိုတာပဲ တွေးနေတယ်ထင်တယ်…ဟားဟား….” မိုလန်ရှန်က ချင်ယီ တမင်ကြားအောင်ပင် ရည်ရွယ်လျက် ပြောလိုက်သည်၊ သူမက ရီဖူရှင်း အားတစ်ချက်ကြည့်ကာ စိတ်ပျက်သည့် အမူအယာ ဖြစ်သွားသည်။
တစ်ဖြည်းဖြည့်ဖြင့် ကျေင်းသားများအားလုံးနီးပါး ဖြေကြားပြီးဖြစ်သည်၊ တစ်ချို့က စိတ်လှုပ်ရှားနေကြသည်၊ တစ်ချို့က စိတ်ပျက်သည့် အမူအယာများ ဖြစ်နေကြသည်။
“အချိန်ပြည့်ပြီ….အဖြေလွာတွေ လိုက်သိမ်းတော့….” စာမေးပွဲကြီးကြပ်သူ လူကြီးတစ်ယောက်က အမိန့်ပေးလိုက်သည်နှင့် ဘေးမှ တရားဝင်ကျောင်းသားများက အဖြေလွှာများအား လိုက်လံသိမ်းဆည်းက စင်ပေါ်ရှိ တာဝန်ရှိသူများထံ အပ်နှံကြသည်၊ နောက်ဆုံးတွင် အဖြေလွှာများအားလုံး သိမ်းဆည်းပြီးသွား၏။
အဖြေလွှာများအားသိမ်းဆည်းပြီးသော်လည်း ကျောင်းသားများက မိမိနေရာတွင် ဆက်လက်ထိုင်နေကြသည်၊ ကျောင်းတော်၏ ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲမှာ အရေးကြီးသော စာမေးပွဲဖြစ်ရကား ဖြေကြားသောနေ့တွင်ပင် ရလဒ်ကို ကြော်ညာလေ့ရှိသည်။
ကျောင်းတာဝန်ခံများက အဖြေလွှာများအား လျင်မြန်စွာပင် စစ်ဆေးကာ အဆင့်များစီကြ၏၊ သူတို့က အဆင့်စီနေသောအချိန်တွင် ပွဲကြည့်သူများက စကားစမည်ပြောနေကြပြီး ကျောင်းသားများက စိုးရိန်စွာ ကြည့်နေကြသည်။
အတော်အတန်ကြာသောအခါ ကျောင်းတာဝန်ခံ တစ်ယောက်မှ စာရင်းတစ်ခုအား ကိုင်ကာ ကျောင်းသားများ၏ ရှေ့ကို လျှောက်လာ၏၊ လူတိုင်းက ယခုနှစ် ရာသီကုန် စစ်ဆေးခြင်း ရေးဖြေစာမေးပွဲရလဒ်အား ကြေညာတော့မည်ကို သိကြသည်။
“လီယူ…..ဖန်းယွန်…..မိုဟန်ဂျေ…………….” ကျောင်းတာဝန်ခံက နာမည်များအား တစ်ယောက်ပြီးတစ်ယောက် အော်သွားသည့်အလျောက် နာမည်ခေါ်ခံရသော ကျောင်းသားများမှာ စိတ်လက်ပေါ့ပါးကား ပြုံးရွှင်ရယ်မောနိုင်ကြလေသည်၊ သို့သော်လည်း တစ်ချို့မှာ ပိုကောင်းသော အဆင့်ကို မျှော်လင့်ကာ စိတ်ပျက်သူများလည်း ရှိလေသည်။
အောင်မြင်သူများအား ကြေညာရာတွင်သာမာန်ရိုးရိုးအောင်သူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သူဟူ၍ခွဲထားသည်၊ဂုဏ်ထူးဖြင့်အောင်မြင်သူများအား အဆင့်သုံးအုပ်စု၊ အဆင့် နှစ် အုပ်စု၊ နှင့် အဆင့် တစ်အုပ်စု ဟူ၍ထပ်ပြီး ခွဲကာ ကြေညာသည်၊ ထိုကြေညာချက်များ ထုတ်ပြန်ပြီးသောအခါ အဆင့်သုံးတွင် ၇၂ ယောက်၊ အဆင့်နှစ်တွင် ၃၆ ယောက် နှင့် အဆင့်တစ်တွင် သုံးယောက် ပါဝင်သည်ကို တွေ့ရသည်။
ချင်ယီက တစ်ယောက်ပြီးတစ်ယောက် ဂရုတစိုက် နားထောက်ပြီးနောက် နောက်ဆုံးလူ၏ နာမည် အား အော်ပြီးသွားသောအခါ သူမ၏ မျက်နှာက စိတ်ပျက်သောကြောင့် မဲမှောင်နေသည်၊ အကယ်၍ ရေးဖြေစာမေးပွဲ ပင်လျင် မအောင်ခဲ့ပါက သူကား အမှန်တစ်ကယ် ကျောင်းထုတ်ခံရပေတော့မည်။ သူမက ဖူရှင်းရှိရာသို့ ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ရီဖူရှင်း၏ ရှေ့တွင်ထိုင်နေသော ယန်ဇူက အေးစက်စွာ ရယ်လိုက်သည်၊
“ထင်တဲ့ အတိုင်းပဲ….အခု မင်း ကျောင်းထုတ်ခံရတော့မယ်… မင်းက ကိုယ့်ဘာသာ အရှက်ရအောင်လုပ်နေတာပဲ….”
ဖန်းရှင်းဇွီကလည်း ဖူရှင်းအား ကြည့်လိုက်၏၊ သူမ၏မျက်လုံးများတွင် သူမ၏စိတ်ပျက်မှုများအား အထင်းသား ပေါ်လွင်နေသည်၊ သို့သော် ချက်ချင်း ပြန်၍ ပျောက်ကွယ်သွားသည်၊ သူမက တွေးလိုက်သည်….ဒါက လူတိုင်း ထင်ထားတဲ့အတိုင်း မဟုတ်ပါလား။
“ရီဖူရှင်း….စာသင်ခန်းထဲမှာ နောက်ဆုံးအကြိမ် မင်းဘာပြောခဲ့လဲ မှတ်မိသေးလား….အခု မင်း ကျောင်းထုတ်ခံရတော့မယ်….ပါးရိုက်ခံရသလို မခံစားရဘူးလား…ဟား..ဟား…” လင်းရှာက အဝေးမှ ကျယ်လောင်စွာ ပြောလျက် အော်ရယ်လိုက်သည်၊ လူတိုင်းက ဖူရှင်း ကျောင်းထုတ်ခံရတော့မည်းအရေးအားတွေးကာ ကြိတ်၍ ဝမ်းသာနေကြသည်။
ရီဖူရှင်းက ဟက်ဟက်ပက်ပက်ရယ်နေသော လင်းရှာအား ကြည့်လိုက်သည်၊ သို့သော်လည်း ရီဖူရှင်းကား နဂိုမူလအတိုင်း အေးဆေးစွာ ထိုင်နေသည်၊
“ဒီစာရင်းက သာမာန်အောင်တဲ့လူတွေကိုပဲ ကြေညာရသေးတာ…မင်းက ဘာလို့ရယ်နေတာလဲ….” ရီဖူရှင်းက ဖြည်းညှင်းစွာပြောလိုက်သည်။
”မင်းက အတည်ကြီးပြောနေတာလား….ဟား..ဟား…” လင်းရှာက ပို၍ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်၊ ထို့နောက် ရီဖူရှင်းအား စိုက်ကြည့်လျက်…….“မင်းက ဂုဏ်ထူးစာရင်း မှာပါမယ် တွေးထားတာလား…ဟုတ်လား...မင်းက သုံးနှစ်လုံးလုံး အိပ်မက်များ မက်နေခဲ့တာလား…အခုထိ မနိုးနိုင်သေးဘူးလား…..မင်းသိလား…မင်းက မျော်လင့်ချက် မရှိတော့ဘူး….”
“မင်းမျက်နှာလည်းပြန်ကြည့်ပါဦး….မင်းရယ်နေတဲ့ပုံစံက ရွံစရာကောင်းလိုက်တာ…ဂုဏ်ထူးစာရင်းမှာ မင်းက ထိပ်ပိုင်းနေရာက ပါလာမယ်လို့တော့ ငါမထင်ဘူး….” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။
လင်းရှာက သူ့အား အထင်သေးသည်ကို သိသော်လည်း သူကျရှုံးသည်ကို လှောင်ရယ်ရလောက်သည်အထိ မုန်းတီးနေသည်ကိုကား ယခုမှ သိသည်။
“ကြည့်ရတာတော့ အုတ်ဂူကို မတွေ့သေးဘဲ မျက်ရည် မကျသေးဘူးပေါ့ဟုတ်လား(တရုတ်စကားပုံတစ်ခုဖြစ်ဟန်တူသည်) ၊ ဒါဆိုလည်း ဆက်စောင့်နေလိုက်လေ” လင်းရှာက သရော်လိုက်သည်၊ ရီဖူရှင်းက ခေါင်းခါလျက် သူ့အား လျစ်လျူရှုထားလိုက်သည်။
ကျောင်းတော်၏တာဝန်ရှိသူများမှာကား အဆင့်စီခြင်းဖြင့် အလုပ်ရှုပ်နေကြတုန်းပင်ဖြစ်သည်။ အတန်ကြာသောအခါ ချင်ယီက အဆင့်သုံး ဂုဏ်ထူးဝင် ၇၂ ယောက်အား ကြေညာရန် စင်ပေါ်သို့တက်လာလေသည်၊ ထိုစာရင်းရှိ ကျောင်းသားနာမည်များအား ကြေညာသောအခါ လင်းရှာ၏နာမည်လည်းပါဝင်လာသည်၊ လင်းရှာကား မူလကထက်ပင် ဝင့်ကြွားစွာ ပြုမူနေသည်ကို တွေ့ရသည်၊ သူကား ရီဖူရှင်းအား သရော်ရန် စာမေးပွဲရလဒ်များအားလုံးကြေညာပြီးသည်အထိ စောင့်နေခြင်းဖြစ်သည်။
No comments:
Post a Comment