Tuesday, June 19, 2018

ဒဏ္ဍာရီထဲက ဖူရှင်း(၁၅)

ဒဏ္ဍာရီထဲက ဖူရှင်း
===========
အပိုင်း(၁၅)
----------
                  လူတိုင်းက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်နေကြသည်၊ ရီဖူရှင်းကား ငယ်ရွယ်သော အရာရာကို အလေးအနက်မထားသော လူအများ၏ သုံးနှစ်တိုင်တိုင် လှောင်ပြောင် ရယ်မောစရာ လူပေါ့လူသွမ်းကလေးအဖြစ် လူတိုင်းက သတ်မှတ်ထားခြင်းခံထားရသူဖြစ်၏၊ သူကိုယ်တိုင်က ထိုမတရားမှု၊ ခွဲခြားဆက်ဆံမှုများအား တည်ငြိမ်စွာ သည်းည ည်းခံခဲ့သော်လည်း သူ၏စိတ်ထဲတွင်ကား အနည်းနှင့်အများ ထိခိုက်ခံစားခဲ့ရသည်သာဖြစ်သည်၊ ယခု ထိုသုံးနှစ်တာကာလလုံးသူ့အား ကြမ်းတမ်းခက်ခဲစေသော ထို အထိန်းအချုပ်၊ အဟန့်အတားများအား ကျော်လွှားကာ သူက စင်ပေါ်တွင် ဝင့်ကြွားစွာ မတ်မတ်ရပ်နိုင်နေပြီဖြစ်သည်။
                 ရီဖူရှင်းကား ထပ်မံ၍ ခေါင်းငုံ့နေစရာ မလိုတော့ပေ၊ ယခု….သူက ရေးဖြေစာမေးပွဲ၏ ချံပီယံဘွဲ့အား ရရှိပြီးဖြစ်သလို သိုင်းပညာနှင့်၊ မိုးကြိုးလျပ်စီးဓာတ်တို့ကို အာရုံခံဆင်ခြင်နိုင်စွမ်း အမြင့်ဆုံးဖြစ်ပြီး စွမ်းအင် နိုးထခြင်းအဆင့် ခုနစ်ရောက်နေပြီဖြစ်သည်။
                 ဖန်းရှင်းဇွီ ၏ မျက်လုံးအစုံက ရီဖူရှင်းထံမှ ရှောင်လွှဲနိုင်ရန် မတတ်နိုင်တော့ပေ၊ သူမ၏မျက်နှာကား ပျက်ယွင်းနေ၏၊ နောက်ဆုံးတွင် ရီဖူရှင်းက သူမအား သိုင်းကျင့်ရာတွင် အကူအညီပေးလိုသော စိတ်သန့်သန့်ဖြင့် လာမေးခြင်းဖြစ်သည်ကို နားလည်လိုက်သည်၊ သူ၏ လက်ရှိသိုင်းအဆင့်ဖြင့်ဆိုလျင် ရီဖူရှင်းနှင့်အတူ သိုင်းလေ့ကျင့်ခြင်းက သူမအား အကျိုးရှိစေမည်ဖြစ်သည်၊ သို့သော် သူမက မည်သို့ တုံ့ပြန်ခဲ့သနည်း၊ သူမတို့နှစ်ယောက်အကြားသို့ မူရွန်ရှင်းအား ကြားဝင်စေကာ သူ့အား အဝေးသို့ တွန်းလွှတ်ခဲ့၏။
                 ရုတ်တရက်ပင် ရီဖူရှင်းက သက်ပြင်းချလျက် လှည့်ထွက်သွားသော ပုံရိပ်အား ပြန်မြင်ယောင်လာသည်၊ သူမ၏ ရင်ဘတ်ထဲမှ ထိန်းချုပ်မရသော ဝမ်းနည်းမှုများက လှိုက်စားလာကာ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသော စိတ်က သူမအား ပူလောင်နေစေသည်၊ သူမကိုယ်တိုင်အားလည်း အခါခါ ပြန်မေးနေ၏၊ သူမ တစ်ကယ် အရွယ်ရောက်လာပြီလား၊ သူမအဖေ ပြောသလို ကိုယ်ပိုင်ဆုံးဖြတ်ချက်များအတွက် မရင့်ကျက်သေးသည်မှာ မှန်ကန်သလော၊ သူမဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်အတွက် အမှန်တစ်ကယ်ပင် သူမ နောင်တမရခဲ့လေသလော၊ သူမက ကိုယ့်ကိုယ်ကို လိမ်ညာနေခဲ့လေသလား။
                တစ်ခုတည်းသော အမှန်တရားကား သူမ၏အဖေပြောသလို ရီဖူရှင်းမှာ သူမမျှော်လင့်ထားသော အရည်အချင်းများ မပြည့်စုံသောကြောင့် သူမက ရှောင်ဖယ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
                 “ဘယ်လို ကလေကချေကောင်လဲ….” မူရွန်ရှင်းက က စိတ်ပျက်စွာ ရေရွက်လိုက်၏၊ သူမကလည်း သူမမှားယွင်းခဲ့သည်ကို ဝန်မခံနိုင်သေးဘဲ ရီဖူရှင်းအား မုန်းတီးစွာစိုက်ကြည့်နေသည်၊ သို့သော်လည်း ထိုစကားများက ဖန်းရှင်းဇွီ အားပိုမိုနာကျင်စေသည်၊ မူရွန်ရှင်းပြောခဲ့သော အကြံပေးစကားများအား သူမပြန်အမှတ်ရလာသည်၊ ယခုမူကား အဘယ်ကြောင့် မူရွန်ရှင်းစကားများအား ယုံကြည်ခဲ့ရသည်း သူမကိုယ်သူမ မေးမိသည်။
                အင်းကွက်ထဲတွင် ရပ်နေလျက်ကပင် ရီဖူရှင်းက နောက်သို့လှည့်လျက် သူ၏မျက်လုံးက လှပသော မိန်းမပျို တစ်ယောက်ဆီသို့ ရောက်သွားသည်။
               ဟွာဂျီယူက သူမအား ကြည့်နေသော ရီဖူရှင်းအား သတိထားမိလိုက်၏၊ သူ၏ မချိုမချဉ် မျက်နှာပေးအား ကြည့်ကာ တစ်ခုခုမှားယွင်းနေပြီဟုသူမ စိတ်ထဲခံစားလာရသည်။
               “ဟေး….မြေခွေးမ….မင်းကို စိတ်မပျက်စေခဲ့ဘူးမလား….” ရီဖူရှင်းက ရယ်မောလျက် ပြောလိုက်သည်၊ သူ၏မျက်လုံးက ထိုစကားများထက်ပိုသော အဓိပ္ပါယ်များစွာ ဖော်ပြနေ၏၊ ချက်ချင်းပင် လူအုပ်ကြီးက တိတ်ဆိတ်သွားသည်။
                မြေခွေးမ။ မည်ကဲ့သို့သော ကလူကျီစယ်သော နာမည်ပြောင်ပေနည်း၊ ထို့အပြင် “စိတ်မပျက်စေခဲ့ဘူး” ဟူသော စကားအား ပြောခဲ့သေးသည်၊ လူတိုင်းက သူတို့နှစ်ဦးကြား တစ်ခုခုရှိနေသည်ဟု တွေးလိုက်ကြသည်၊ အထူးသဖြင့် ရေးဖြေစာမေးပွဲတွင် ဟာဂျီယူက ရီဖူရှင်း၏ဘေးတွင် နေရာယူခြင်း၊ ရီဖူရှင်းအား ပြုံးပြခြင်း၊ ဟွာဂျီယူ၏ “မနက်ဖန်နင့်ကို စောင့်ကြည့်နေမယ်” စသော အပြုအမူ အပြောအဆိုများအား သတိရလာကြ၏၊ ယခုကား လူတိုင်းကိုယ်စီ၏ မေးခွန်းများက အဖြေတစ်ခုတည်းအား ညွှန်ပြနေသည်၊ သူတို့နှစ်ဦးကြား ထူးဆန်းသော ပတ်သက်မှုတစ်ခုခု ရှိနေရမည်။
              “ဒါ…ဒါ…မဟုတ်လောက်ပါဘူး….” လူတိုင်းက မယုံကြည်နိုင်စွာ ဖြင့် သူတို့နှစ်ဦးအား ဝိုင်းကြည့်နေကြ၏။
               ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေအား ရိပ်မိလိုက်ကာ ရီဖူရှင်း၏ အရှက်မရှိပုံအား ကြည့်လျက် ဟွာဂျီယူက မည်သို့ပြောရမည်မသိတော့။
                သူမက ရီဖူရှင်းအား ပြောခဲ့သော စကားကြောင့် လူတိုင်း၏ ရန်သူအဖြစ်ဆက်ဆံခံခဲ့ရသည်များအား ပြန်၍ ဂလက်စားချေလိုက်ပုံရသည်၊ သူကား ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်နေခြင်းဖြစ်ရမည်၊ မှန်ပေသည်…..၊ ထိုမိန်းကလေးက သူ့အားအကွက်ချ လုပ်ကြံသည်ကို သူက အဘယ်ကြောင့် မသိချင်ယောင်ဆောင်နေနိုင်မည်နည်း။ သူတစ်နည်းနည်းဖြင့် တုန့်ပြန်ရပေမည်။
                ယခု ကျောင်းသားအားလုံးနီးပါးက ဟွာဂျီယူအား စိုက်ကြည့်နေကြ၏၊ သူမက မည်သို့ တုံ့ပြန်ပြောဆိုမည်ကို လွန်စွာသိလိုနေကြသည်။
                သူမ၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပလာသည်၊ လူအားလုံးက သူမအား အာရုံစိုက်နေစဉ်အတွင်းမှာပင် သူမက ရုတ်တရက် ရီဖူရှင်းအား ပြန်ပြုံးပြလိုက်၏၊ သူမ၏အပြုံးကား ကြည်လင်သော ညပြာပြာတွင် အတောက်ပဆုံးသော ကြယ်စင်အလား သဘာဝနှင့်လိုက်လျောညီထွေစွာ လှပလွန်းလှသည်။
                “အင်း…ငါ..ကျေနပ်တာပေါ့….”  ဟွာဂျီယူက ပြန်ပြောလိုက်သည်။
                သူမ၏စကားသုံက သိမ်မွှေ့ကာ နုညံ့လှသည်၊ ထိုအရာများက သူမ၏ တောက်ပသော အပြုံးဖြင့်ပေါင်းစပ်လိုက်လျင် ကျောင်းသားများစွာ၏ နှလုံးသားများအား အရည်ပျော်သွားစေသည်၊ ထိုအခိုက်တွင်ပင် သူတို့အားလုံး၏ ရင်ဘတ်တွင် အချစ်များမွေးဖွားလာစေသည်၊ တစ်ချိန်တည်းတွင်ပင် သူတို့၏နှလုံးသားများ ကွဲကြေစေသည်၊ သူမ၏ အပြုံးက သူတို့အတွက် မဟုတ်ဘဲ တစ်ခြားယောကျာ်းတစ်ယောက်အတွက် ဖြစ်နေသောကြောင့်ပင်။    
                ဟွာဂျီယူ၊ ကျောင်းတော်၏ ဒဏ္ဍာရီလာ အလှနတ်သမီး၊ သူမကား ယခုကဲ့သို့ မည်သူ့ကိုမှ မပြောခဲ့ဖူး၊ မပြုံးပြခဲ့ဖူးပေ။ ရီဖူရှင်းက တစ်ခါမှမကြားဖူးသော အလုပ်တစ်ခုအားလုပ်ပြသွားသလို သူတို့ခံစားလိုက်ရ၏၊ ယန်ဇူနှင့် မူရွန်ချူ၊ တို့က သူမအား ချဉ်းကပ်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း သူတို့လည်း ယခု ရီဖူရှင်းကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့သည့်အပြင် အနားပင် ကပ်၍မရခဲ့ချေ။
                လက်ရှိ အဖြစ်အပျက်များအား ကြည့်လျက် ဖန်းရှင်းဇွီကား အနည်းငယ်အိုစာသွားသလို ခံစားလိုက်ရသည်၊ သူမက အသက် ဆယ့်ငါးနှစ် အရွယ်မျှပင် ရှိသေးသော်လည်း သူမသည်လည်း လှသွေးကြွယ်သော ပုရိသအပေါင်းတို့၏ရင်ကို လှုပ်ခပ်စေသော သူလေးဖြစ်သော်လည်း ဟွာဂျီယူ၏အရိပ်အောက်တွင် မှေးမှိန်နေဆဲပင်။
                ရီဖူရှင်းလည်း သူမ၏အပြုံးတွင် နစ်မြောသွားသည်သာဖြစ်၏၊ သူမည်မျှပင် စိတ်နှလုံးအား တည်ငြိမ်အောင် စုစည်းပါသော်လည်း သူ၏နှလုံးသားက စိတ်ဆန္ဒအား လွန်ဆန်ကာ ရင်ခုန်သံများ မြန်ဆန်လာသည်။
               “ရီဖူရှင်း….ငါစိန်ခေါ်တာကို လက်ခံစမ်း…”
               “ရီဖူရှင်း…..ခွေးကောင်…..”
               “ငါ့နတ်သမီးလေးကို မင်းကများ……ငါစိန်ခေါ်တာ လက်ခံစမ်း…..မင်းကို တစစီ ဖြစ်အောင် လုပ်ပေးမယ်…”
                ကွင်းပြင်အနှံ့မှ ဒေါသထွက်လာသော ကျောင်းသားများ၏ အော်ဟစ်ဆဲဆိုသံများ၊ စိန်ခေါ်သံများ ရုတ်တရက် ဆူညံလာလေသည်၊ ပြိုင်ပွဲဝင်များထဲမှ အနည်းငယ်သော ကျောင်းသားများသာလျင် နိုးထခြင်းအဆင့် ရှစ်နှင့် နိုးထခြင်းအဆင့်ကိုးတွင် ရှိသော်လည်း သူတို့အားလုံးက ရီဖူရှင်း၏ _င်အား ကန်ကျောက်လိုသောစိတ်က ထိန်းမရအောင် ဖြစ်နေကြလေသည်။
                မင်းက *****ပဲ၊ ရီဖူရှင်းက ဟွာဂျီယူအားကြည့်လျက် မိမိကိုယ်ကို စိတ်ထဲမှ ညစ်ပတ်စွာ ဆဲရေးလိုက်၏၊ သို့သော်လည်း ဟွာဂျီယူကား ရီဖူရှင်းအား နုညံ့စွာ ပြုံးပြနေဆဲပင်၊ ထိုအပြုံးက ကျောင်းသားထုကြီးတစ်ခုလုံးအား ပိုမို၍ ဒေါသထွက်စေသည်။
                “ဒါက ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲပဲ….လေးစားမှုရှိပါ….တိတ်ကြစမ်း….” ရီဖူရှင်းက လူအုပ်ကြီးအား ရုတ်တရက် အော်ဟစ်လိုက်၏၊ လူတိုင်းက ရုတ်တရက် ထိတ်လန့်အံ့အားသင့်ကာ တဖန် တိတ်ဆိတ်သွားကြပြန်၏။
                 “ကောင်းပြီ….အခု ငါ့ကို ဘယ်သူတွေ စိန်ခေါ်မလဲ…..” ရီဖူရှင်းက မေးလိုက်၏။
                “ငါ…ငါ….”
                 “ငါစိန်ခေါ်မယ်…ခွေးကောင်”
                 “…………………”
                  လူအများအပြားက စင်မြင့်အနီးသို့ ချဉ်းကပ်လာကာ အော်ဟစ်လိုက်ကြ၏၊ ရီဖူရှင်းက သူတို့အားလုံးအား ဝေ့ကြည့်လိုက်သည်၊ ထို့နောက်ပြုံးလျက် သူ၏လက်နှစ်ဘက်အား အကျီအိတ်သို့ထည့်လက် ပြောလိုက်သည်……
                “ငါက နှစ်ပွဲဆက်တိုက်…တိုက်ခိုက်ပြီးသွားပြီ…..အခု အနားယူရမည့်အချိန်ပဲ…..” သူက ထိုသို့ပြောလျက် လှည့်ကာ စင်မြင့်ထက်မှ ဆင်းသွားလေသည်။
                “ဘာ….မင်းက နောက်နေတာလား…..” လူအများက သူ့အား အော်ဟစ်လိုက်ကြသည်၊
                “မင်း ပြေးနေလို့ရတယ်…ပုန်းနေလို့တော့ မရဘူး….” နိုးထခြင်းအဆင့်ရှစ်မှ သိုင်းပညာရှင်တစ်ယောက်က မျက်နှာနီမြန်းလျက် လှမ်းအော်လိုက်သည်။
                “ယူချင်း….မင်းအလှည့်ပဲ….ဒီကောင်တွေကို ပညာပေးလိုက်…..” ရီဖူရှင်းက လူအုပ်ကြီးအား ပြောစရာရှာမရအောင် ထပ်မံလုပ်လိုက်ပြန်သည်။
                 အမှန်တစ်ကယ်ပင် သူက ဘယ်လိုလုပ် ယခုကဲ့သို့ အရှက်ကင်းမဲ့နိုင်ရသနည်း။
                ယူချင်းက ပြိုင်ပွဲစင်မြင့်ထက်သို့ရောက်သောအခါ ကွင်းပြင်ကျယ်ကြီးက တစ်ဖန် တိတ်ဆိတ်သွားပြန်လေသည်။
                သူ၏ကြီးမားကျယ်ပြန့်၍သန်စွမ်းသော ခန္ဒာကိုယ်ကြီးက သူ၏အသက် ဆယ့်ငါးနှစ်မျှသာရှိသေးသည်ကို မေ့လျော့သွားစေနိုင်သည်။
                သူက အင်းကွက်ထဲသို့ ဝင်ရပ်လိုက်၏၊ ရုတ်တရက် အင်းကွက်မှ ရွှေရောင် အရောင်အဝါများ လင်းလက်တောက်ပလာကာ တိုက်ပွဲ အရှိန်အဝါများက သူ၏တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။
                သူ၏ သတ္တုစွမ်းအင်အား အာရုံခံနိုင်စွမ်းမှာ အဆင့်အမြင့်ဆုံးဖြစ်သလို သူကား နိုးထခြင်းအဆင့် ရှစ်တွင်ရှိပေသည်။
     
               “စင်ပေါ်တက်ခဲ့….” သူက စင်အောက်မှ အော်ဟစ်သူများထဲတွင် ကျယ်လောင်စွာ အော်နေသော နိုးထခြင်းအဆင့်ရှစ် ကျောင်းသား တစ်ယောက်အား လက်ညှိုးညွှန်လျက် ပြောလိုက်သည်။ ထိုသူ၏ မျက်နှာ ချက်ချင်း ဖြူရော်သွားသည်၊ သို့သော် သူကား စင်ပေါ်သို့ တွန့်ဆုတ်စွာပင် တက်လာ၏။
                သူလည်း ထူးချွန်သော သိုင်းပညာရှင်ဖြစ်သည်၊ သိုင်းပညာစွမ်းအင်ကို အာရုံခံနိုင်စွမ်းရည်မှာ ဒုတိယအမြင့်ဆုံး အဆင့်ဖြစ်ပြီး နိုးထခြင်း အဆင့်ရှစ် သို့ရောက်နေပြီဖြစ်သည်၊သို့သော်လည်း သူကား ယူချင်းအား ရင်ဆိုင်ရန် ယုံကြည်မှု မရှိပေ။
                  “မင်း အဆင်သင့် ဖြစ်ပြီလား….” ယူချင်းက မေးလိုက်သည်။
                “အင်း” ထိုသူ၏အသံကား အနည်းငယ်တုန်ခါနေသည်၊ ထိုသူ၏တုန့်ပြန်သံကို ကြားလိုက်သည်နှင့် ပရိတ်သတ်များအားလုံးက ပြိုင်ပွဲစင်မြင့်အား မော်ကြည့်လိုက်ကြ၏၊ ယူချင်းက ခြေလှမ်းတစ်ချက်လှမ်းကာ လျင်မြန်စွာ ပြိုင်ဘက်ထံသို့ ချဉ်းကပ်သွားသည်။
               “လာစမ်း……” ယူချင်း၏ပြိုင်ဘက်က အံကြိတ်လျက် အော်လိုက်သည်၊ သူကား ယူချင်းအားရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီ၊ သို့သော် ယူချင်း၏ခန္ဒာကိုယ်အား ရစ်ပတ်ထားသော ရွှေဝါရောင် စွမ်းအင်များအား မြင်ပြီးခဏမှာပင် ယုံကြည်မှုများ အားလုံး ပျောက်ဆုံးသွား၏၊ သူ၏မျက်လုံးထဲတွင် ယူချင်းကား စစ်နတ်ဘုရားအလား ထင်မှတ်စေကာ ကြောက်ရွံ့သောစိတ်များသာလျင် ကြီးစိုးလာသည်။
                “ဘုန်း…….”
                ကျယ်လောင်သော အသံတစ်ချက်ကြားလိုက်ရပြီး တစ်ချက်တည်းဖြင့် ထိုသူမှာ အဝေးသို့လွင့်စင်သွား၏၊ ယူချင်းကား မည်သည့် သိုင်းပညာ မှော်ပညာကိုမျှ အသုံးပြုချင်းမရှိဘဲ သူ၏လက်ဝါးရိုက်ချက်သတ်သတ်ဖြင့် ပြိုင်ဘက်အား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
                “နောက်တစ်ယောက်က မင်းပဲ….”  ယူချင်းက လူအုပ်ထဲမှ ရီဖူရှင်းအား စိန်ခေါ်ခဲ့သော နိုးထခြင်းအဆင့်ရှစ် မှော်ဆရာ တစ်ယောက်အား လက်ညှိုးညွန်လိုက်၏၊ သို့သော် ထိုသူကား တိုက်ခိုက်ရန် စိတ်ဝင်စားပုံမရတော့…….
                “ငါ အရှုံးပေးတယ် ” သူက ကြောက်ရွံ့စွာ ပြောလိုက်သည်။
                “မင်းက နှုတ်ထွက်ခဲ့မယ် ဆိုရင်တောင်မင်းရဲ့သိုင်းအဆင့်ကိုသိဖို့ အင်းကွက်ထဲကိုဝင်ရမယ်…..” ဒိုင်တစ်ယောက်က ပြောလိုက်သည်၊ သူတို့က ထိုကျောင်းသား၏ကြောက်ရွံ့မှုအား အပြစ်မတင်တော့ပေ၊ ယူချင်းကား ပြိုင်ဘက်တစ်ဦးအနေဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော သိုင်းမစ္ဆာတစ်ကောင်နှင့်တူလှသည်။
                ရီဖူရှင်းအားစိန်ခေါ်သူများအားလုံး အခြေအနေမကောင်းပေ၊ ယူချင်းက သူတို့အားလုံးအား ဆုံးမမည့်ပုံ ပေါ်နေသည်၊ အကယ်၍ ယူချင်းက သူတို့အားလုံးအား စိန်ခေါ်ခဲ့ပါက ရာသီကုန်စာမေးပွဲတွင် သူတို့အတွက် မည်သည့်အခွင့်အရေးမှ ရရှိတော့မည်မဟုတ်ပေ။
               ရီဖူရှင်းအား စိန်ခေါ်သူများအားလုံး၏ မျက်နှာများ မဲမှောင်နေကြ၏၊ သူတို့၏ရည်ရွယ်ချက်မှာ ရီဖူရှင်းအား စိန်ခေါ်လိုရင်းသာဖြစ်သည်၊ သို့သော် ရီဖူရှင်းက ယူချင်းအား အစားထိုး တိုက်ခိုက်ခိုင်းလိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
              အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားသည်ကို ကြည့်လျက် ဖူရှင်း ပြုံးလိုက်သည်၊ သူ၏အကြည့်အား ပြိုင်ပွဲစင်မြင့်ထက်မှ ယူချင်းထံသို့ ရွှေ့လိုက်သည်၊ ယူချင်းကား ယခုနှစ် ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲ၏ အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်ပေသည်။
                သိပ်မထူးဆန်းလှစွာပင် ရီဖူရှင်းအားစိန်ခေါ်သူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ယူချင်း၏စိနိခေါ်မှုအား ခံရကာ နှုတ်ထွက်သွားရ၏၊ အတော်များများမှာ နိုးထခြင်းအဆင့်ရှစ်ဖြစ်ပြီး တစ်ချို့မှာ နိုးထခြင်းအဆင့်ကိုးကိုပင် ရောက်နေပြီး ဖြစ်သော်လည်း မည်သူမျှ ယူချင်း၏ပြိုင်ဘက်မဟုတ်ပေ။
                ထိုသူများအားလုံးမှာ နဂိုတည်းက ကျောင်းတော်၏ တရားဝင်ကျောင်းသားများဖြစ်နိုင်သော်လည်း ကျောင်းတော်၏ ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲတွင် စွမ်းဆောင်ရည်ကောင်းအောင် လုပ်ပြခြင်းဖြင့် ကျောင်းတော်၏တာဝန်ရှိသူများ၏အသိအမှတ်ပြုမှုကိုရွှိလိုခြင်းကြောင့် ယနေ့အထိစောင့်ဆိုင်းနေကြခြင်းဖြစ်သည်၊ ပိုပြောရလျင် ကျောင်းတော်၏ထိပ်သီးပညာရှင်များက ရာသီကုန်စာမေးပွဲမှ ထူးချွန်သူများအား တပည့်အဖြစ်ရွေးချယ်လေ့ရှိကြောင်း ကောလဟလများလည်း ရှိပေသည်၊ ထိုအကြောင်းအရာများကြောင့် သူတို့အားလုံးမှာ ယနေ့အထိ အသေအချာပြင်ဆင်ပြီးမှ စာမေးပွဲတွင် ဝင်ပြိုင်ခြင်းဖြစ်သည်။
               သို့သော်လည်း အခြေအနေကား သူတို့၏ထင်မြင်ချက်များဖြင့် ဆန့်ကျင်လျက်ပင် သူတို့၏ကြိုးစားအားထုတ်မှုအားလုံးမှာအချည်းနှီးဖြစ်လျက် ယူချင်း၏တောက်ပမှုအား ကူညီပေးရာပင်ရောက်နေလေသည်။
               “ဒီကောင် လူကော ဟုတ်ရဲ့လား….” ပွဲကြည့်စင်မှ တစ်စုံတစ်ယောက်က ရေရွက်လိုက်သည်။
                မဟူရာမြင်းတပ် ဗိုလ်ချုပ် ချင်ရွှီ ပင်လျင် ယူချင်းအား အံ့အားသင့်စွာ ကြည့်နေသည်၊ သည်ကောင်လေးကား သဘာဝအားဖြင့် အလွန်သန်စွမ်းသည်၊ သူ၏ သိုင်းပညာနှင့် မှော်ပညာကို အာရုံခံနိုင်စွမ်းမှာလည်း အမြင့်ဆုံးအဆင့်တွင်ရှိသည်၊အကယ်၍ သူက မြင်းစစ်သည် ဖြစ်လာခဲ့ပါက စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းပေလိမ့်မည်။
                “ယူချင်း…ရပြီ….” ရီဖူရှင်းက လှမ်းအော်လိုက်သည်၊ ယူချင်းက ရီဖူရှင်း၏ဘေးမှ သူ၏နဂိုနေရာသို့ ပြန်သွားလိုက်သောအခါမှ ကျောင်းသားများစွာ၏ စိက်လက်ပေါ့ပါးစွာဖြင့် သက်ပြင်းချသံများအား ကြားလိုက်ရသည်။
                ယခုမှသာလျင် ကျောင်းသားများက သူတို့၏စွမ်းရည်များအား ပြသခွင့်ရပေတော့မည်၊ထို့နောက်တွင် ကျောင်းသားအများအပြား စင်ပေါ်သို့တက်၍ သူတို့၏ တိုက်ခိုက်ရေးစွမ်းအင်များအား အတတ်နိုင်ဆုံး ပြသကြသော်လည်း ယူချင်း၏စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ရန်ကား အလွန်လိုပေသေးသည်။
                အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားသည်၊ နောက်ဆုံးတွင် မူရွန်ချူ  က စင်ပေါ်သို့ တက်လာသည်၊ လူတိုင်းက သူ့အား စိတ်ဝင်တစား စောင့်ကြည့်နေကြသည်၊ မူရွန်ချူက စင်မြင့်ပေါ်သို့ ရောက်သည်နှင့် တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ကာ အနိုင်ယူသွား၏၊ သူက နိုးထခြင်းအဆင့်ကိုးမှ ကျောင်းသားများအား အနိုင်ယူပြီးနောက် နိုးထခြင်းအဆင့်ရှစ်မှ ကျောင်းသားများအား ဆက်လက် စိန်ခေါ်သည်၊ သူကား လူတိုင်း၏ လက်ခုပ်သြဘာများအား ခံယူရရှိနေသည်။
                မူရွန်ချူ  က ယူချင်းထံသို့ပင်လျင် ကြည့်လိုက်သေးသည်၊ သို့သော် သူ့အားတိုက်ခိုက်ရန် အကြံအား စွန့်လွတ်လိုက်သည်၊ သူက ယူချင်းအား အနိုင်ရရန် ယုံကြည်မှု မရှိပေ။
                ရီဖူရှင်းက မူရွန်ချူ ၏မျက်လုံးထဲမှ မျှော်လင့်ချက်တစ်ချို့အား သတိထားမိသည်၊ မူရွန်ချူ ကား ပထမနေရာအား ရည်ရွယ်နေခြင်းဖြစ်သည်၊ ပထမနေရာကို ရရန် တစ်ခုတည်းသော နည်းလမ်းမှာ အကြီးမားဆုံးသော အတားအဆီးဖြစ်သော ယူချင်းအား တိုက်ခိုက်အနိုင်ယူရန်ဖြစ်သည်၊သို့သော် သူကား ယုံကြည်မှုမရှိသောကြောင့် ထိုသို့ မလုပ်နိုင်ပေ။
               မူရွန်ချူ  နှင့် ယူချင်းတို့ နှစ်ယောက်လုံးမှာ ရေးဖြေစာမေးပွဲတွင် ဂုဏ်ထူးအဆင့်ဝင်ခဲ့သည်၊ ယနေ့လက်တွေ့တိုက်ခိုက်ရေးတွင်လည်း သူတို့နှစ်ယောက်လုံးမှာ ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်၊ သို့သော်လည်း အသက်အရွယ်အရမူ ယူချင်းက အသာစီးရပေသည်၊ ပထမနေရာကား ယူချင်းအတွက် ဖြစ်ပေမည်၊ ရီဖူရှင်းက ထိုသို့တွေးလျက် ရလဒ်ထွက်လာမည့်အချိန်ကိုသာလျင် စိတ်ရှည်စွာဖြင့် စောင့်နေလိုက်သည်။
                နေကား ကောင်းကင်တွင် အလျံညီးညီးတောက်လောင်နေဆဲပင်၊ သို့သော်လည်း လူအများစုမှာ နေ့သစ်အစပြုစဉ်အချိန်ကကဲ့သို့ပင် အားအင်များ ပြည့်ဝနေဆဲပင်၊  ကျောင်းသားပေါင်းတစ်ရာကျော်က စာမေးပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ပြီး သူတို့၏စွမ်းရည်များအား ပြသခွင့် ရခဲ့ကြသည်၊ ဟွာဂျီယူက ပြိုင်ပွဲတွင် မပါဝင်ခဲ့သော်လည်း သူမကလည်း စင်မြင့်ပေါ်သို့တက်၍ အင်းကွက်တွင် သိုင်းအဆင့်စစ်ဆေးခြင်းကို လက်ခံသည်၊ သူမ၏ လှပသောမျက်နှာကလေးအား ကြည့်ကာ ကျောင်းသားများ၏ ရင်ထဲတွင် ထိခိုက်နာကျင်ကြရသည်၊ သူမအား ထို အရှက်မရှိသော ရီဖူရှင်းနှင့် ချိန်းတွေ့ရန် မည်သူမျှ မလိုလားပေ။
                  နောက်ဆုံးတွင် လက်တွေ့တိုက်ခိုက်ရေး စစ်ဆေးခြင်း ပြီးဆုံးကာ ရလဒ်များအား ကြေညာရန် အချိန်သို့ရောက်ရှိလာသည်။လူတိုင်းက ကျောင်းတော်၏ ထိပ်သီးပညာရှင်များ ထိုင်နေရာနေရာသို့ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
                  ဓားခန်းမသခင် လင်ရှန်းဖန် နှင့် မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ် ရှီဇောင်တို့က က စာမေးပွဲရလဒ်နှင့်ပတ်သက်၍ သဘောတူညီချက်ရသောအခါ ယနေ့ ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲ ပြီးဆုံးခြင်းသို့ရောက်မည်ဖြစ်သည်။
                 လင်ရှန်းဖန် နှင့် ရှီဇောင်တို့ အကြိတ်အနယ် ဆွေးနွေးနေသော အချိန်တွင် ဘေးတွင် နောက်တစ်ယောက်က သူတို့ပြောသမျှစကားများအားလုံးအား လိုက်လံ ရေးမှတ်နေလေသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်၏ ဆုံးဖြတ်ချက်ပါသော စာရွက်အား ကိုင်လျက် ထိုရေးမှတ်သူက ပြိုင်ပွဲစင်မြင့်၏ အလယ်သို့လျောက်လှမ်းလာလေသည်၊ သူက မျော်လင့်ကြီးစွာကြည့်နေကြသော ကျောင်းသားများအား ကြည့်လျက် ပြောလိုက်သည်……
               “ပုံမှန်အားဖြင့် စာမေးပွဲ ရလဒ်က ရေးဖြေစာမေးပွဲနဲ့ လက်တွေ့ တိုက်ခိုက်ရေး စစ်ဆေးခြင်းက စွမ်းဆောင်ရည်ကို မူတည်ပြီး ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲရဲ့ရလဒ်ကို ယေဘုယျအားဖြင့် အဆင့်သတ်မှတ်တာဖြစ်တယ်….”
                 ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲအပြီးတွင် အဆင့်လိုက်ရပ်တည်ချက် တစ်ခု ထွက်လာမည်ဖြစ်သည်၊ ရေးဖြေစာမးပွဲကဲ့သို့ပင် ထိပ်ဆုံးသုံးယောက်၏ နာမည်အားသာလျင် အဆင့်စီမည်ဖြစ်သည်။
                   ထိပ်ဆုံးသုံးယောက်စာရင်းတွင်ပါဝင်ပါက ဂုဏ်တင့်တယ်သလို လူအများ၏ ချီးကျူး ဂုဏ်ပြုမှုများအားလည်း ရရှိမည်ဖြစ်သည်၊ ထို့အပြင် အဆင့်ရပ်တည်ချက်စာရင်းတွင် ပါဝင်သူများအားလုံးမှာ စာကြည့်တိုက်၏ ဒုတိယထပ်သို့ ဝင်ခွင့်ရမည်ဖြစ်သည်။
                ထိပ်ဆုံးသုံးယောက်က မည်သူတို့ဖြစ်မည်ကို အားလုံးက သိလိုသောစိတ်ဖြင့် စောင့်ဆိုင်းနေကြသည်၊ ရီဖူရှင်းက ကြေညာမည့်သူအား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်၊ ပထမနေရာက ယူချင်းဖြစ်ရမည်ဟု သူယုံကြည်သည်။      
                “ပထမနေရာ….မူရွန်ချူ  ” တာဝန်ခံက ကြေညာလိုက်သည်၊ ရီဖူရှင်း အံ့အားသင့်သွားသည်၊ မည်သို့ဖြစ်ပျက်သွားသည် သူနားမလည်တော့ပေ။    
                ပထမနေရာ၊ မူရွန်ချူ တဲ့လား။ တစ်ခြားလူများလည်း အံ့အားသင့်သွားကြသည်၊ သို့သော်လည်း အံ့သြသောစိတ်များ ပြန်လည်ပျောက်ကွယ်သွားကြသည်၊ မည်သို့ပင်ဆိုစေ မူရွန်ချူ ကား ရေးဖြေစာမေးပွဲတွင်လည်း ဂုဏ်ထူးစာရင်းဝင်ကာ သိုင်းပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းများ ရထားသည်မဟုတ်ပါလား၊ သို့သော်လည်း သူတို့အားလုံး၏ စိတ်ထဲတွင် ယူချင်းအတွက် မမျှတသလို ခံစားနေကြရသည်။
                “ဒုတိယ နေရာ…..ယူချင်း….”  တာဝန်ခံက ဆက်လက်၍ ကြေညာလိုက်သည်။
                “ဘာကြောင့်လဲ…..”  တာဝန်ခံမှ တတိယနေရာအား ကြေညာရန်ဟန်ပြင်နေစဉ်မှာပင် လူတစ်ယောက်က လှမ်းမေးလိုက်သည်၊

No comments:

Post a Comment