ဒဏ္ဍာရီထဲကဖူရှင်း
===========
အပိုင်း(၁၃)
========
ကျယ်လောင်သော မာန်သွင်းသံတစ်ချက်နှင့်အတူ ရီဖူရှင်းက လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်သည်၊ လက်ဝါးရိုက်သံကား နဂါးဟိန်းသံအလား ကျယ်လောင်လှသည်၊ အဝေးဆီမှ ကျယ်လောင်သောအသံတစ်ချက် ထပ်မြည်သွားကာ နံရံတစ်ဘက် ပြိုဆင်းသွားသည်။
ထိုအခိုက် ထိုနေရာသို့ တစ်စုံတစ်ယောက် ပြေးလာသည်၊ သူကား ယူချင်းဖြစ်သည်၊သူက အပျက်အစီးနေရာအား ကြည့်ပြီးနောက် ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။
“မင်းက သိုင်းပညာမှာ သိုင်းပညာရဲ့ ရသ(သိုင်းပညာအား အာရုံဝင်စားနိုင်သော အဆင့်) အဆင့်ကိုတောင် ရောက်နေပြီပေါ့ ဟုတ်လား၊ ဒါဆိုမင်းက အခု နိုးထခြင်းအဆင့် ခုနစ်ကို တက်သွားပြီပေါ့…” ယူချင်းက မေးလိုက်သည်။
“ နိုးထခြင်းအဆင့်ခုနစ်….” ဖူရှင်းက တိုးတိုးကလေးရေရွက်လိုက်သည်၊ ထို့နောက်ပြုံးလျက် …..“ ကြည့်ရတာတော့ တစ်ယောက်ယောက်ကို ပျက်စီးသွားတဲ့ နံရံကို ပြန်ပြင်ခိုင်းဖို့လိုလိမ့်မယ်…ဒါကို မင်းသိုင်းကျင့်နေတုန်း ပျက်စီးသွားတယ် ပြောလိုက်…..”
“မင်းက ငါ့ကို ဒီအမှိုက်တွေ လာပေးပြန်ပြီ….” ယချင်းက ခေါင်းခါလျက် ပြောသည်။
“ သေချာတာပေါ့….” ဖူရှင်းက ရယ်မောလျက် သူ၏အခန်းသို့ ပြန်သွားလေသည်၊ သူ၏တစ်ကိုယ်လုံး ချွှေးများဖြင့် ရွဲနစ်နေပြီး ယနေ့ ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲအတွက် ကိုယ်လက်သန့်စင်ကာ ပြင်ဆင်ရန်လိုအပ်သည်မဟုတ်ပါလား။
မနက်ခင်းနေရောင်ခြည်က သမိုင်းဝင်ကျောင်းတော်ကြီးအား ရွှေရောင်များလွှမ်းခြုံစေကာ သက်ဝင်တောက်ပစေသည်၊ ပြိုင်ပွဲကျင်းပရာ ကွင်းပြင်ကြီးကား လူများ တစ်ဖြည်းဖြည်းစုစည်းနေကြပြီဖြစ်သည်၊ လူအုပ်ကား မနေ့ကထက် ပို၍များသည် ဆိုရပေမည်။
ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲကား အပိုင်းနှစ်ပို်င်းခွဲခြားထားသည်၊ ပထမနေ့တွင် ရေးဖြေစာမေးပွဲကို စစ်ဆေးပြီး ဒုတိယနေ့တွင် လက်တွေ့တိုက်ခိုက်ရေးအား စစ်ဆေးခြင်း ဖြစ်သည်။
ရေးဖြေစာမေးပွဲက ကျောင်းတော်တွင် ပညာသင်နေစဉ်ကာလအတွင်း ကျောင်းသားများ၏ အသိပညာဗဟုသုတများအား စစ်ဆေးခြင်းဖြစ်ပြီး လက်တွေ့တိုက်ခိုက်ခြင်းအားဖြင့် ကျောင်းသားများ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် သူတို့၏ သိုင်းအဆင့်အား သိရှိနိုင်ပေသည်၊ အထူးသဖြင့် အသိပညာက အရေးကြီးသည်ဆိုသော်လည်း တစ်ကယ့် တိုက်ခိုက်ရေးစွမ်းရည်ကသာလျက် အဓိက မဟုတ်ပါလား၊ ထို့ကြောင့်လည်း လူတိုင်းက လက်တွေ့စစ်ဆေးခြင်းအား ပို၍ အလေးထားကြသည်။
ဘုန်း….ဘုန်း….ရုတ်တရက် ကျောင်းကွင်းပြင်တစ်ခုလုံး တုန်ခါလျက် မြင်းခွာသံများ အား ကြားရလေသည်။
“ ကြည့်လိုက်…မဟူရာမြင်းစစ်သည်တွေ….” ကွင်းပြင်တစ်ခုလုံးရှိလူတိုင်းက အလုံးအရင်းနှင့် ချီတက်လာနေကြသော မြင်းစစ်သည်များအားမြင်ကြသည်၊ မြင်းစစ်သားများအားလုံးက မဟူရာရောင်တောက်နေသော ချွှီလင်အမျိုးအစား မြင်းအား စီးနင်းထားကြသည်၊ ၄င်းမြင်းများမှာ ရှေးဟောင်းအနွယ်ဝင် မြင်းအမျိုးအစားဖြစ်ပြီး အလွန်မြန်ကာ တိုက်ခိုက်ရေးတွင် နံပါတ်တစ် မြင်းအမျိုးအစား ဖြစ်သည်။
“ အဲဒါ…ဗိုလ်ချုပ်ချင် မလား…” လူများက မြင်းစစ်သည်များအား ဦးဆောင်လာသော လူကြီး အားကြည့်လျက် တီးတိုးပြောနေကြသည်၊သူတို့အားလုံးက ထိုမြင်းစစ်သည်များလာရာလမ်းတစ်လျောက်လေးစားစွာ နေရာဖယ်ပေးကြ၏၊
ထိုမြင်းစစ်သည်များကား ချင်းကျူမြို့၏ကာကွယ်ရေးတပ်ဖြစ်သည်၊ ချင်းကျူမြို့သူမြို့သားများအားလုံးက ထိုမြင်းစစ်တပ်အား မြို့စားထက်ပင်လျင် ပို၍လေးစားကြသည်။
“ဗိုလ်ချုပ်ချင်က သူ့သမီးကို လာကြည့်တာများလား” တစ်ချို့က နားမလည်ဟန်ဖြင့် မေးကြသည်၊ ဗိုလ်ချုပ်ချင်၏သမီးလည်း ချင်းကျူကျောင်းတော်တွင် တက်ရောက်နေသည်ကို လူတိုင်းသိကြသည်။
“မဟုတ်ဘူး…သူက မြို့ရဲ့ အနာဂါတ် ပါရမီရှင်တွေကို လာစောင့်ကြည့်တာဖြစ်ရမယ်…” နောက်တစ်ယောက်က မှတ်ချက်ချသည်။ တစ်ခြားလူများကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညှိတ်ကြသည်၊ ချင်းကျူကျောင်းတော်မှ ကျောင်းသားများမှာ အနာဂါတ်တွင် မြို့၏ အထင်ကရပုဂ္ဂိုလ်များ၊ ရာထူးရာခံများဖြစ်လာကြမည်ဖြစ်သည်၊ ထို့ကြောင့် ဗိုလ်ချုပ်ချင်က ယခုစာမေးပွဲအား လာကြည့်သည်မှာ ထူးဆန်းမှုမရှိတော့ပေ။ ထို့အပြင် ဗိုလ်ချုပ်ချင်ကား တစ်ချိန်က ချင်းကျူကျောင်းတော်၏ ကျောင်းသားတစ်ယောက်ပင်။
လူအများက ဝိုင်းကြည့်နေကြစဉ်မှာပင် မြင်းစစ်သည်များက ပြိုင်ပွဲကွင်းပြင်ပတစ်နေရာတွင် နေရာယူလိုက်ကြသည်၊ ခဏအကြာ ဝတ်ကောင်းစားလှများဝတ်ဆင်ထားသော အခြားအုပ်စုတစ်စု ဝင်လာသည်။
“ မြို့စား ကြွလာတယ်…” ကြေညာသံတစ်ခုနှင့်အတူ မြို့စားနှင့် သူ၏လူများက ပွဲကြည့်စင်ပေါ်သို့ တက်လာကာ အသင့်ချထားသော ထိုင်ခုံများတွင် ထိုင်လိုက်ကြသည်၊ နှစ်တိုင်းလိုလိုပင် ချင်းကျူမြို့စားကား ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲအား တက်ရောက်လေ့ရှိသည်၊ ဤသည်က သူက သည်စာမေးပွဲအား မည်မျှအလေးထားသည်ကို ပေါ်လွင်စေပေသည်။
“ ကြည့်ရတာ မြို့ရဲ့ အရာရှိတစ်ဝက်ကျော်လောက်က တက်ရောက်လာတာပဲ…” တစ်ယောက်က ပြောလိုက်သည်။
“ ဟုတ်တယ်…ဒီနေ့ …သူတို့က ကျေင်းသားတစ်ချို့ကို သတိပြုမိမှာသေချာတယ်…” နောက်တစ်ယောက်က ခေါင်းညှိတ်လျက် ပြောသည်။
ပြိုင်ပွဲနေရာ၏ဘေးမှ ပွဲကြည့်စင်များတွင်ကား လူများ ပြည့်ကြပ်နေလေပြီ၊ ခုံလွတ်များ မရှိတော့သလို အတော်များများမှာလည်း မတ်တပ်ရပ်၍ကြည့်နေကြရလေသည်၊ ထိုအထဲတွင်ကား ရေးဖြေစာမေးပွဲတွင် မပါဝင်သူ ကျောင်းသားများ၊ ရေးဖြေစာမေးပွဲမဖြေဆိုသူကျောင်းသားများလည်း ပါဝင်သည်၊ စာမေးပွဲစည်းကမ်းအရ ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်မှသာလျင် လက်တွေ့တိုက်ခိုက်ရေး စာမေးပွဲတွင် ဝင်ပြိုင်ခွင့် ပြုလေသည်။
ရီဖူရှင်းက ပြိုင်ပွဲကွင်းသို့ရောက်သည်နှင့် သူ့အဖေထိုင်နေရာ ထောင့်ဆီသို့ လျောက်သွားလိုက်သည်၊ သူက ပတ်ဝန်းကျင်အား တစ်ချက်ဝေ့ကြည့်လိုက်ကာ သူ့အဖေအား မေးလိုက်သည်…
“ အဖေ…မွေးစားအဖေ မလာဘူးလား…”
ရီဘေချွှန် ခေါင်းယမ်းလိုက်သည်...“ သူဒီမှာ မရှိဘူး…သူက မင်းကို စကားမှာပါးလိုက်တယ်…”
“ ဘာတွေလဲ…”
“ ပထမတစ်ခုက မင်းက ဘယ်အခြေအနေမျိုးမှာမဆို…တည်တည်ငြိမ်ငြိမ်ရှိရမယ်…ဒုတိယတစ်ခုက လုံးဝသည်းမခံနိုင်လောက်တဲ့အခြေအနေ မရောက်မချင်း မင်းရဲ့ စွမ်းအား အစစ်အမှန်ကို ထုတ်မပြရဘူး…” ရီဘေချွှန်က အရေးကြီးဟန်ဖြင့် ပြောသည်။
“ အင်း…နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညှိတ်လိုက်သည်၊ ထို့နောက်သူက သူ၏နောက်မှ ယူချင်းအား ကြည့်လိုက်ပြီး….သူ့အဖေအား ထပ်မေးလိုက်သည်…“ မွေးစားအဖေက ယူချင်းကို ရော ဘာမှာလိုက်လဲ…”
ရီဘေချွှန်က ယူချင်းအားကြည့်ကာ ပြုံးလိုက်သည်….“ ယူချင်း…ရီဖူရှင်း…မင်းတို့က တရားဝင်ကျောင်းတော်သားတွေဖြစ်သွားရင် ကျောင်းတော်မှာပဲ အချိန်ကုန်နေဖို့မလိုဘူး… အိမ်ကို မကြာမကြာလာလည်လို့ရတယ်….”
“ သေချာတာပေါ့..” ဖူရှင်းက ထပ်မံ၍ ခေါင်းညှိတ်လိုက်သည်၊ သို့သော် သူ့အား ကြည့်ရသည်မှာ အနည်းငယ်ခန့် စိတ်ပျက်သွားပုံရသည်။
“သွားကြတော့ ကောင်လေးတွေ…မင်းတို့ တောက်ပမယ့်အချိန်ရောက်နေပြီ…” ရီဘေချွှန်က ရယ်မောလျက် သူတို့အား သွားရန်တိုက်တွန်းလိုက်သည်၊ သူတို့နှစ်ယောက်က ထိုနေရာမှ ထွက်သွားပြီး ပြိုင်ပွဲနေရာတစ်ဘက် ပြိုင်ပွဲဝင်များထိုင်ရာနေရာသို့ လျောက်လာခဲ့ကြသည်။ သူတို့ နှစ်ဦး အား အဝေးမှကြည့်လျက် ရီဘေချွှန် သက်ပြင်းတစ်ချက်ချလိုက်သည်၊ သူတို့ကား နောက်ဆုံးတွင် အရွယ်ရောက်လာကြပြီ မဟုတ်ပါလား။
ဖန်းရူဟိုင်ကလည်း သူ၏သမီးနှင့် စကားပြောနေသည်၊…“ နင်က ရေးဖြေစာမေးပွဲမှာ ဂုဏ်ထူးစာရင်းမှာ ပါတယ်….နင်က မီးစွမ်းအင်ကို အာရုံခံနိုင်စွမ်းက ဒုတိယ အမြင့်ဆုံးပဲ…ပိုပြောရရင် နင်က နိုးထခြင်းအဆင့်ခြောက်ကို ရောက်နေပြီ…သိပ်မစိုးရိန်နဲ့…အတတ်နိုင်ဆုံးတိုက်ခိုက်ပါ…”
“ ကောင်းပြီ…အဖေ…” သူမက အနည်းငယ်ခေါင်းညှိတ်ကာ အဝေးမှ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမက သတ်မှတ်ထားသောနေရာသို့လျောက်လာရင်း ရီဖူရှင်းမှာ ယခင်က ရီဖူရှင်းနှင့် အလွန်ကွဲပြားခြားနားနေသည်ဟု ခံစားနေရသည်၊ သူမက တစ်ခုခု ထူးဆန်းသည်များ ဖြစ်ပျက်မည်ဟု စိတ်ထဲမှ ထင်နေသည်။
မူရွှန်မိသားစုဝင်များမှာလည်း စင်ပေါ်တွင် အတူတူထိုင်နေကြသည်၊ မူရွှန်ယူရှန်းက က ပြိုင်ပွဲစင်အား ကြည့်လျက် မူရွှန်ချူအား ပြောလိုက်သည်…“ လူအနည်းငယ်က ပဲ မင်းရဲ့ပြိုင်ဘက် ဖြစ်လာလိမ့်မယ်…တစ်ကယ်လို့ ဟွာဂျီယူက ဝင်မပြိုင်ရင် အတတ်နိုင်ဆုံးကြိုးစားပါ…မင်းနားလည်လား…”
“ ဟုတ်ကဲ့ အဖေ…” သူက ခေါင်းညှိတ်လိုက်သည်၊ သူကား အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသည်။
ယခုပြိုင်ပွဲအတွက် ဒိုင်နှစ်ယောက်ရှိပေသည်၊ သိုင်းပညာကျောင်းဝင် ဓါးခန်းမ သခင် လင်ရှန်းဖန် နှင့် မှော်ပညာကျောင်းဝင် မြေဓါတ်ကျောင်းဆောင် ကျောင်းအုပ် ရှီဇောင်တို့ ဖြစ်ကြသည်၊ သူတို့က ပြိုင်ပွဲစင် ဗဟိုသို့ လျောက်လာသည်ကာ လူအုပ်ကြီအား ကြည့်လိုက်သည်။ ရုတ်တရက်…ရှီဇောင်က ပြောလိုက်သည်….
“ရေးဖြေစာမေးပွဲ အောင်မြင်တဲ့သူတိုင်း လက်တွေ့တိုက်ခိုက်ရေး စာမေးပွဲကို ဝင်ပြိုင်နိုင်တယ်…မင်းတို့အားလုံး စည်းမျဉ်းတွေကို သိထားပြီးဖြစ်မယ်လို့ ငါထင်တယ်…အခု ပြိုင်ပွဲစပြီ…”
ပြိုင်ပွဲဝင်များထိုင်နေရာတွင်ကား ရေးဖြေစာမေးပွဲအောင်မြင်သူများအားလုံးထိုင်နေသည်၊ ထိုအထဲတွင် ဟွာဂျီယူလည်း ပါဝင်ပေသည်၊
ပြိုင်ပွဲဝင်များထိုင်နေရာတွင်ကား ရေးဖြေစာမေးပွဲအောင်မြင်သူများအားလုံးထိုင်နေသည်၊ ထိုအထဲတွင် ဟွာဂျီယူလည်း ပါဝင်ပေသည်၊ သူမကား တစ်ချိန်တည်းမှာပင် လှပချောမောပြီး သိုင်းပညာ ထူးချွှန်သူလေးဖြစ်သည်၊ ကံမကောင်းစွာပင် သူမက ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲတွင် တိုက်ခိုက်ရန် ငြင်းပယ်လေ့ရှိသည်၊ သူမက ပါရမီနှင့် သိုင်းအဆင့်ကိုသာလျင် သိအောင် စစ်ဆေးပြီး တစ်ကယ်တမ်းတိုက်ခိုက်ရန်မူ စိတ်ဝင်စားပုံမရပေ။
“ သူမက သုံးနှစ်ဆက်တိုက် ရေးဖြေစာမေးပွဲမှာ ပထမ ရပေမယ့် ဘယ်တော့ကမှ လက်တွေ့တိုက်ခိုက်ရေးစာမေးပွဲကို ဝင်မပြိုင်ခဲ့ဘူး၊ မနေ့က အခြားတစ်ယောက်က ပထမ ရသွားတယ်…၊ ဒီနေ့ ဝင်ပြိုင်ပါ့မလား…”
“အခြားလူတွေက သူ့ကို စိန်ခေါ်ဖို့မတန်ဘူးလို့ တွေးနေတာလည်း ဖြစ်နိုင်တယ်….ရာသီကုန်စစ်ဆေးခြင်းစာမေးပွဲ ချံပီယံ ဂုဏ်ပုဒ်ကို တောင် သိပ်စိတ်ဝင်စားပုံမရတာ…ဘယ်လောက်တောင် မာနကြီးလိုက်သလဲ…” လူတိုင်းက ဟွာဂျီယူအားကြည့်လျက် တီးတိုးပြောနေကြသည်။
တစ်ချို့ကလည်း ရီဖူရှင်းအား သတိထားကြည့်နေကြသည်၊ ယမန်နေ့က ရေးဖြေစာမေးပွဲတွင် ပထမရထားသည်မဟုတ်ပါလား၊ သို့သော် အတော်များများက ရီဖူရှင်းမှာ လက်တွေ့တိုက်ခိုက်ရေးတွင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ကြပေ၊ ပိုပြောရလျင် ရီဖူရှင်းမှာ နိုးထခြင်းအဆင့်တစ် ဟုသာ သူတို့သိထားကြပေသည်။ ၄င်းတို့အထဲတွင် လင်းရှာနှင့် ယန်ဇူ တို့မှာ ထိပ်ဆုံးက ပါဝင်ပေသည်၊ သူတို့က ရီဖူရှင်းက လက်တွေ့တိုက်ခိုက်ရေး စာမေးပွဲတွင် ကျရှုံးလျက် ကျောင်းထုတ်ခံရမည့်အချိန်ကို စောင့်မျှော်နေကြသည်။
ဖန်းရှင်းဇွီကား မူရွှန်ရှန်း ဘေးတွင် ရပ်နေသည်၊ သူတို့ကလည်း ရီဖူရှင်းအား သတိပြုမိကာ မူရွှန်ရှန်းက နှုတ်ခေါင်းရှုံ့လိုက်သည်….
“ မနေ့ကတော့ သူက အောင်မြင်တဲ့ ပထမဆုရှင်ပေါ့…ဒါပေမယ့် ဒီနေ့တော့ မြေကြီးကို ပြုတ်ကျမှုာသေချာတယ်….ဟင်း…ရေးဖြေစာမေးပွဲမှာ ပထမရပြီး သိုင်းအဆင့်နိမ့်လို့ ကျောင်းထုတ်ခံရတယ်ဆိုရင်…ဘယ်လောက်ရယ်စရာကောင်းလိုက်မလဲ…”
ကျောင်းသားအများစုကလည်း မူရွှန်ရှန်း ကဲ့သို့တွေးနေကြသည်၊ ရေးဖြေစာမေးပွဲတွင် ပထမ ရခဲ့သော်လည်း ရီဖူရှင်းမှာ ယခင်ကလို အသုံးမကျသည့်ကောင်ဟုသာ သူတို့တွေးကြသည်။
ဖန်းရှင်းဇွီက ယမန်နေ့က ဖူရှင်းအား ကျောင်းတော်၏စာကြည့်တိုက်တွင် တွေ့မြင်ခဲ့သည် ကို သတိရမိကာ သူနှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည်ဟု စိတ်ထဲမှထင်နေသည်၊ သို့သော်လည်း စိတ်ထဲမှပေါ်လာသောအတွေးများအား ခေါင်းထဲမှထုတ်ပစ်သည်။
“ရီဖူရှင်း…ငှက်ကလေးတစ်ကောင်က ပြောတယ်…မနေ့က မင်းကို ကျောင်းစာကြည့်တိုက်မှာ တွေ့လိုက်တယ်ဆို….ပြီးတော့မင်းက စာအုပ်နှစ်အုပ်ကို ငှားသွားသေးတယ်တဲ့…တစ်အုပ်က ဘာတဲ့…နဂါးအားမာန်သိုင်းနဲ့ ဂမ္ဘီရသိုင်း ဟုတ်လား…” လင်းရှာက ရီဖူရှင်းထံသို့ လျောက်လာလျက် ရယ်မောပြီး ပြောလိုက်သည်၊ အမှန်တစ်ကယ်တွင်ကား ရီဖူရှင်းက ထိုစာအုပ်နှစ်အုပ်အား စာကြည့်တိုက်မှ ငှားယူသွားသည့်သတင်းမှာ ကျောင်းတော်တစ်ခုလုံးပျံ့နှံ့နေပြီးဖြစ်သည်။
“ ဒါက ငါတို့ရဲ့ ရေးဖြေစာမေးပွဲ ချံပီယံကြီးလေ…သူ့အတွေးတွေက ကွဲပြားခြားနားတယ်…မဟုတ်ဘူးလား…ဟား..ဟား..” ထိုသို့ပြောကာ တစ်ချို့ကလည်း လင်းရှာနှင့်အတူ ဝိုင်း၍ရယ်မောကြသည်။ သိုင်းပညာကျောင်းနှင့် မှော်ပညာကျောင်းမှ ကျောင်းသားများအားလုံးက ထိုစာအုပ်နှစ်အုပ်အားကြားက နှခေါင်းရှုံ့ကြသည်။ ထိုသို့စွမ်းအားပြင်း၍ခက်ခဲသော နဂါးအားမာန်သိုင်းအား ထိုသို့သော အသုံးမကျသော အမှိုက်လိုကောင်က ဘယ်လို လေ့ကျင့်လို့အောင်မြင်မလဲ…သူတို့အားလုံးက တွေးလိုက်ကြသည်။
“ ဒီစာအုပ်နှစ်အုပ်ရဲ့ စွမ်းအားတွေကို ခံစားကြည့်ချင်မိရဲ့…ဒါပေမယ့်…မင်းက ဒီသိုင်းတွေ မသုံးရသေးခင် အရှုံးပေးသွားရမှာ စိုးရိန်မိတယ်..ဟား..ဟား…” လင်းရှာက ရီဖူရှင်းအား အရှက်ကွဲနိုင်သမျှကွဲအောင် သရော်ကာနေသည်၊ ယမန်နေ့က ရေးဖြေစာမေးပွဲတွင် ရီဖူရှင်းကြောင့် သူအရှက်ကွဲကဲ့ရသည် မဟုတ်ပါလား။ ယနေ့တွင်မူ ရီဖူရှင်း အရှက်ကွဲရမည်ဟု သူဆုံးဖြတ်ထားသည်။
ကျောင်းသားအများစုက ရီဖူရှင်း အရှက်ရမည့် အချိန်အား မျှော်လင့်နေကြ၏၊ တစ်ကယ်ဆိုလျင် ရေးဖြေစာမေးပွဲ ချံပီယံက လက်တွေ့တိုက်ခိုက်ရေးစာမေးပွဲတွင် အပယ်ခံရပါက မည်မျှရယ်စရာကောင်းမည်နည်း၊ အကယ်၍ သူက အပယ်မခံလျင်ကော….မည်သို့ပင်ဆိုစေ…သူကား အရှုံးပေးရကာ ကျောင်းတော်မှ အထုတ်ပယ်ခံရမည်သာဖြစ်သည်။
“ ရီဖူရှင်း…” နောက်နားမှ အေးစက်သော ခေါ်သံတစ်ခု ကြားလိုက်ရသည်၊ လူများက အသံလာရာသို့ ကြည့်လိုက်ကြရာ ထိုသူမှာ ယန်ဇူဖြစ်နေသည်ကို တွေ့ရသည်။
မနေ့က အဖြစ်အပျက်များအတွက် ယန်ဇူလည်းအရှက်ရနေပေသည်၊ သူကား စိတ်ထဲတွင် ဒေါသများ အလိပ်လိုက်တက်ကား ဖြစ်နိုင်လျင် ရီဖူရှင်းအား တစ်စစီ ဖဲ့ခြွေပစ်ချင်နေသည်။
“ ဒီနေ့ လူတိုင်းက မင်းက ဘာမှ မဟုတ်ဘူးဆိုတာ လက်တွေ့သိရတော့မှာပဲ…” ယန်ဇူကား ယမန်နေ့က အဖြစ်အပျက်အား ပြန်တွေးလျက် မျက်နှာက မသာမယာ ဖြစ်နေဆဲပင်၊ အမှန်တစ်ကယ်တွင်မူ လူအများက ရီဖူရှင်းအား မနာလိုစိတ်၊ မုန်းတီးစိတ်များဖြင့်ကြည့်နေကြပေသည်။
ရီဖူရှင်းက သူ၏အခြေအနေ မည်မျှ ရှုပ်ထွေးသည်ကို သိနေသည်၊ သူက မရည်ရွယ်ပဲ ထိုမြေခွေးမ အား ကြည့်မိကာ စိတ်ထဲမှ ဆဲရဲလိုက်သည်၊ ယခုသူခံယူနေရသော မုန်းတီးမှုများ အများစုမှာ မနေ့က သူမက သူ့အား ပြုံးပြခဲ့သောကြောင့် မဟုတ်ပါလား၊ ယခင်က လူအများက သူ့အား ရယ်စရာအနေဖြင့်သာ သတ်မှတ်ပြောဆိုကြသော်လည်း ယခုမူကား လူတိုင်း၏ နံပါတ်တစ်ရန်သူဖြစ်နေပြီဖြစ်သည်၊ ထိုသူများမှာ အခွင့်အရေးရလျင် သူ့အား နည်းမျိုးစုံဖြင့် ပြောဆို နှိုပ်စက်ကြမည်ဟု သူထင်နေသည်။
“ သူက မနေ့က ရေးဖြေစာမေးပွဲ ပထမရတယ်…ရီဖူရှင်း…ကြည့်ရတာတော့…လူတွေရဲ့ အမုန်းတရားတွေအကုန်လုံးက သူ့ဆီကို ဦးတည်နေသလိုပဲ…” ပွဲကြည့်စင်ပေါ်မှ လူအချို့ ရီဖူရှင်းအား အနည်းငယ်ပြုံးလျက်ကြည့်ကာ မှတ်ချက်ချကြသည်။
“လူတွေပြောတာကတော့ သူက နိုးထခြင်းအဆင့်တစ်မှာ ရပ်နေတာ သုံးနှစ်ရှိပြီတဲ့…သူက ပါရမီပါတယ်..ဒါပေမယ့် စရိုက်ဆိုးတယ်….သူက ပြီးခဲ့တဲ့ သုံးနှစ်လုံးစာမေးပွဲတွေ အကုန်လုံး ဝင်မပြိုင်ခဲ့ဘူး…ဒါပေမယ့် ရုတ်တရက် အခုရေးဖြေစာမေးပွဲမှာ ပထမနေရာကို ယူသွားတယ်…ဘယ်လောက်ထူးဆန်းလိုက်သလဲ…”
“ အင်း…သူက ကောင်းတဲ့နေရာတော့ရှိတယ်...ဒါပေမယ့် ဒီကောင်က ပြသနာကောင်ပဲ…တစ်ခြားပြိုင်ပွဲဝင်တွေက ဒီကောင်ကို သတ်ချင်နေကြတာ….” လူတစ်ချို့က ရီဖူရှင်းရှိရာသို့ကြည့်လျက် ဝေဖန်နေကြသည်။
ပြိုင်ပွဲစင်မြင့်အလယ်တွင်ကား ကျောင်းမှ ပညာရှင်များ ဖန်တီးထားသော ကျောင်းသားများ၏ သဘာဝစွမ်းအင်အား စစ်ဆေးနိုင်သော အင်းကွက်တစ်ခု ရေးထွင်းထားသည်၊ ထိုအင်းကွက်က ပြိုင်ပွဲဝင်များ၏သဘာဝစွမ်းအင်အား အာရုံခံနိုင်စွမ်းကိုလည်း တိုင်းတာမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုစွမ်းရည်မှာ သူတို့၏ သိုင်းအဆင့်အလိုက်ကွဲပြားခြားနားနိုင်သောကြောင့် စာမေးပွဲစစ်တိုင်း ထိုစစ်ဆေးခြင်းအား ပြုလုပ်လေ့ရှိကြသည်။
ဆရာတစ်ယောက်က အင်းကွက်၏ဘေးတွင်ရပ်လျက် ကျောင်းသားများအားပြောသည်….
“ မင်းတို့က စည်းမျဉ်းကို သိပြီးသားပဲ…ပထမဆုံးစိန်ခေါ်မည့်သူ စင်ပေါ်တက်ခဲ့…”
“ ကျွှန်တော်က အဆင်သင့်ပဲ…” တစ်စုံတစ်ယောက်က အော်လျက် စင်ပေါ်သို့တက်လာသည်၊ ထိုသူကား လင်းရှာဖြစ်သည်။
သူက အင်းကွက်ထဲသို့ ဝင်လိုက်သည်၊ ထို့နောက် မျက်လုံးမှိတ်လိုက်သည်၊ မကြာမှီ အင်းကွက်မှ လေတိုးသံများနှင့်အတူ လေသဘာဝက သူ့ခန္ဒာကိုယ်မှတစ်ဆင့်ထွက်လာကာ အင်းကွက်မှ အလင်းရောင်များ တောက်ပလာသည်၊ တိတိကျကျပြောရလျင် လေသဘာဝစွမ်းအင်များက လင်းရှာ၏ခန္ဒာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းနေလေသည်။
“ လေသဘာဝစွမ်းအင်ကို အာရုံခံနိုင်စွမ်း ဒုတိယ အဆင့်အမြင့်ဆုံးနဲ့ နိုးထခြင်းအဆင့် ခြောက်” ထိုဆရာက အော်လိုက်သည်။သူကဆက်၍….
“ ဘယ်သူက သူ့ကို စိန်ခေါ်မလဲ…”
“ ရီဖူရှင်း…” ရီဖူရှင်းအား စိုက်ကြည့်လျက် လင်းရှာက ခေါ်လိုက်သည်၊ သူက အရင်ဆုံး ပြိုင်ပွဲစင်ပေါ်သို့တက်လာသည်၊ အဘယ်ကြောင့်ဆိုသော် သူက ရီဖူရှင်းအား အရှက်ခွဲလိုသောကြောင့်ဖြစ်သည်။
လင်းရှာကိုယ်တိုင်က အဘယ်ကြောင့် ရီဖူရှင်းအား သည်လောက် မုန်းတီးရသည်ကို နားမလည်ပေ၊ ဖြစ်နိုင်သည်က ရီဖူရှင်းကိုယ်တိုင်က သူမည်မျှအသုံးမကျသည်ကို မသိဘဲ စာသင်ခန်းအတွင်းရှိ လူတိုင်း၏ရင်ထဲမှ အလှနတ်သမီး ချင်ယီအား စနောက်ခြင်းကြောင့်လည်း ဖြစ်မည်၊ ထို့အတူ ဖန်းရှင်းဇွီအားလည်း အဓိပ္ပါယ်မရှိသောစကားများ ပြောသေးသည်။ ပို၍မုန်းတီးစရာကောင်းသည်မှာကား မည်သူမျှတိတိကျကျခန့်မှန်းမရသော ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ဆက်ဆံရေးဖြစ်သည်။
သည်အရာများအားလုံးက လင်းရှာ၏အမုန်းတရားများအား တောက်လောင်စေသည်ဟု ဆိုရပေမည်၊ သူ၏ ချောမောသော ရုပ်ရည်များနှင့် ယုံကြည်မှုရှိသော ထိုပုံစုံသက်သက်ကပင်လျင် လင်းရှာ၏နှလုံးအား ပူလောင်စေသည်။
ထိုအရာက မနာလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်၊ သူကား ရီဖူရှင်းအား မနာလိုပေ၊ အဘယ်ကြောင့်ဆိုသော် သူမလုပ်ရဲသောအလုပ်များအားလုံးအား ရီဖူရှင်းက ရဲဝင့်စွာလုပ်ရဲသောကြောင့်လည်းဖြစ်သည်။
သတင်းကောင်းတစ်ခုမှာကား ယနေ့ ထို အရှက်မဲ့သောကောင်မှာ ယခင် အသုံးမကျသောဘွဲ့အား ပြန်ရယူ နိုင်တော့မည်ဖြစ်သည်၊ သူကား ကျောင်းတော်မှလည်း ထုတ်ပယ်ခံရပေဦးမည်။
လူတိုင်းက ပူလောင်သောမျက်လုံးများဖြင့် ရီဖူရှင်းက ပြိုင်ပွဲစင်မြင့်သို့ တက်ရောက်လာသည်ကို ကြည့်နေကြသည်၊ ဘာဆက်ဖြစ်လာမည်နည်း လူတိုင်းက စိတ်ဝင်စားနေကြသည်။
ရေးဖြေစာမေးပွဲ၏ ပထမဆုရှင်၊ ထိုအရာကား တစ်ကယ့်တိုက်ခိုက်ရေးတွင် ဘာမှအသုံးမကျပေ။
“ဒီကောင်လေး…” ချင်ယီက လင်းရှာအားကြည့်ကာ မည်သို့ပြောရမည်မသိတော့၊ သူကား ရီဖူရှင်း၏နာမည်အား ပထဆုံး ခေါ်ကာ သူ့အားခက်ခဲအောင်တမင်လုပ်နေသည်မဟုတ်ပါလား၊ လင်းရှာက သူ့အား သက်ညှာပေးမည်ဟု သူမ မယုံပေ။
သူမ၏ ရီဖူရှင်းအပေါ်စိုးရိန်မှုအား မျက်နှာတွင် မပေါ်ရန် ကြိုးစားလိုက်သည်၊ အကယ်၍ရီဖူရှင်းက ထိုစိန်ခေါ်မှုအား လက်မခံရဲဘဲ ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့လျင် ရေးဖြေစာမေးပွဲတွင် ပထမ ရသည်ကလည်း မည်သို့မျှအသုံးမဝင်ပေ။
“ ငါ့ထက်အရင် ဒီကောင်ကို စိန်ခေါ်တဲ့လူရှိမယ်လို့ မထင်မိဘူး…ဟားဟား…ဒီကောင်ရဲ့ကံဆိုးမိုးမှောင်မှုကို အရသာရှိရှိနဲ့ကြည့်ရတော့မှာပဲ…” ယန်ဇူက အေးစက်စွာ ပြောလိုက်သည်။
“ ဖန်းရှင်းဇွီ…သေချာကြည့်…နင့်ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ..မကြာခင်သိရတော့မယ်…ဒီကောင်က နင့်ဘေးမှာ ရှိနေဖို့ မတန်တဲ့ကောင်…” မူရွန်ရှန်းက ဖန်ရှင်းဇွီအား ပြောလိုက်သည်။
No comments:
Post a Comment